မြန်မာနိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးထွက်ကုန်များ အီးယူနိုင်ငံများသို့ ဒီဇင်ဘာလ (၁)ရက်မှစ၍ တင်ပို့ခွင့်ရရှိ


Ministry of Agriculture, Livestock and Irrigation/ Ministry of Agriculture, Livestock and Irrigation / November 12, 2018


နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ ၏ ငါး/ပုစွန် ရေထွက်ပစ္စည်းများအား EU နိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့ရာ၌ တင်သွင်းသည့်နိုင်ငံများ၏ စံချိန်စံညွှန်းလိုအပ်ချက်များနှင့်အညီ အရည်အသွေး အာမခံနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ သဘာဝမှဖမ်းဆီးရရှိသော ငါး/ပုစွန်များကိုသာ EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့ရာ မွေးမြူရေးမှထွက်ရှိသော ငါး/ပုစွန် ရေထွက်ပစ္စည်းများပါ တင်ပို့ခွင့်ရရှိရေးအတွက်ဆောင်ရွက်ခဲ့ရာ EU ၏ လိုအပ်ချက်ဖြစ်သည့် Directive 96/23/EC အရ အမျိုးသားအဆင့် ဓာတုဓာတ်ကြွင်းထိန်းချုပ်မှုအစီအမံ (National Residue Monitoring Plan – NRMP) ကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ တွံ့တေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် နှင့် မအူပင်မြို့နယ်တို့ရှိ ကဏာန်းပျော့နှင့် ရေချိုငါးများဖြစ်သော ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်၊ ငါးခုံးမနှင့် တီလားပီးယား မွေးမြူရေးကန်ပေါင်း (၄၁) ကန်တို့မှ မွေးမြူရေးထွက်ကုန်များကို ဥရောပစျေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ NRMP Plan အတိုင်း ကဏာန်းပျော့နှင့် ရေချိုငါးများအား နမူနာကောက်ယူနိုင်ရန် နှစ်စဉ် ICU မှ Plan ရေးဆွဲသည့်အတိုင်း စစ်ဆေးရေးမှူးများသည် Farm များသို့ သွားရောက်ကာ နမူနာကောက်ယူပြီး စစ်ဆေးလျက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနရှိ ISO 17025:2005 Certificate ရရှိသည့် ဓာတ်ခွဲခန်းတွင် Veterinary Drug (၃) မျိုးအား စစ်ဆေးပြီး၊ ကျန်စစ်ဆေးရန်ရှိသည့် ပဋိဇီဝဆေး (Antibiotics)၊ ဟော်မုန်း၊ Heavy Metal, PCBs & Dioxins၊ မှိုအဆိပ်နှင့် ဆိုးဆေးများ စသည်ဖြင့် အမျိုးပေါင်း (၁၇) မျိုးခန့်အား ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်း (ISO 17025) နှင့် ဥရောပနိုင်ငံရှိ (ISO 17025) ရရှိသည့် ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ရသည်။ နှစ်စဉ် NRMP ဆောင်ရွက်ထားရှိမှု Progress Report နှင့် နောက်လာမည့်နှစ်အတွက် NRMP Plan တို့အားလည်း နှစ်စဉ်မတ်လ (၃၁) ရက်မတိုင်မီ ဘရပ်ဆဲ(လ်) ရှိ EU DG-SANTE ရုံးသို့ ပေးပို့တင်ပြခဲ့ကြသည်။ NRMP Plan အတိုင်း ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ အထိ Progress Report များ ပေးပို့ခဲ့သည်။

၂၀၁၈ ခုနစ် ဧပြီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်နှင့် တွံ့တေး မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ လပွတ္တာမြို့နယ်၊ ပုသိမ် မြို့နယ်နှင့် ငပုတောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစုမြို့နယ်တို့မှ မွေးမြူရေးကန်ပေါင်း (၃၂) ကန်မှ မွေးမြူရေးကဏာန်ပျော့၊ ရေငန်ပုစွန် (ပုစွန်ကျား၊ ပုစွန်ဖြူ)၊ ရေချိုငါးများဖြစ်သော ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ၊ ငါးတန်၊ တီလားပီးယား အမျိုးပေါင်း (၁၀) မျိုး အတွက် NRMP Plan အတိုင်း နမူနာများ ကောက်ယူစစ်ဆေးခဲ့သည်။

ထိုကဲ့သို့ NRMP Plan အတိုင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် EU DG-SANTE ၏ Website တွင် Official Journal of the European Union ၌ ဖော်ပြထားမှုအရ “Commission Implementing Decision (EU) 2018/1583 of 18 October 2018” ဖြင့် မြန်မာနိုင်ငံအား ယခင်ကခွင့်ပြုခဲ့သည့် Decision 2006/766/EC (Only Wild Caught Frozen Fishery Products) အား ပြင်ဆင်ဆုံးဖြတ် အတည်ပြုမှုအရ မြန်မာနိုင်ငံ မွေးမြူရေး ငါး၊ ပုစွန်၊ ကဏာန်းပျော့ နှင့် ရေထွက်ပစ္စည်းများ (Aquaculture and Fishery Products) အား EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိပြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း (၁၈-၁၀-၂၀၁၈) ရက်စွဲဖြင့် ဖော်ပြထားရှိရာ မြန်မာနိုင်ငံ၏ ရေသတ္တဝါ မွေးမြူရေးထွက်ကုန်များအား (၁-၁၂-၂၀၁၈) ရက်နေ့မှစတင်၍ EU နိုင်ငံများသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်းသိရှိရပါသည်။