The Rivers


Bago Region Government/ Bago Region / September 25, 2018


မြစ်ချောင်းများအား ကုန်ကျစရိတ်သက်သာသော အဆင့်မြင့်နည်းပညာဖြင့် ကမ်းပါးထိန်းခြင်းလုပ်ငန်းစဉ်အား လာရောက်ရှင်းလင်းတင်ပြ

 

စက်တင်ဘာလ ၂၅ (ပဲခူး)

စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Super Rainbow Construction Ltd ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် အိန္ဒိယနိုင်ငံအခြေစိုက်၊ ပြင်သစ်နိုင်ငံပိုင် Terre Armee Co., Ltd မှ မြစ်ချောင်းများအား ကုန်ကျစရိတ်သက်သာသော အဆင့်မြင့်နည်းပညာဖြင့် ကမ်းပါးထိန်းခြင်း လုပ်ငန်းစဉ်အား လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ရှေးဦးစွာ မန်နေးဂျင်းဒါရိုက်တာ ဦးသန့်စိုးက လက်ရှိမြန်မာနိုင်ငံ၌ တွံ့တေးတူးမြောင်း မြေထိန်းနံရံများ လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှနှင့် ဥရောပ နိုင်ငံများတွင်လည်း မြစ်ကြောင်းထိန်းသိမ်းခြင်း၊ မြေထိန်းနံရံများတည်ဆောက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ နည်းပညာဖြင့် ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် မြေထိန်း/ရေထိန်းနံရံများ၏ ကုန်ကျစရိတ်ထက် ပိုမိုသက်သာပြီး၊ ရေရှည်ခံနိုင်မှုရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိပါကြောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က လက်ရှိပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်နှင့် သနပ်ပင် မြို့နယ်တို့တွင် စစ်တောင်းမြစ် ဒီရေတက်မှုကြောင့် ကမ်းပြိုမှုများ ကြုံတွေ့နေရကြောင်း၊ အစိုးရအနေဖြင့် ရရှိသည့် ဘတ်ဂျတ်ဖြင့်သာ အရေးကြီးသော အပိုင်းများကိုသာ ရေထိန်းနံရံများ ဆောင်ရွက်နေရပြီး၊ အကုန်လုံး ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မိတ်ဆွေတို့၏ ကုမ္ပဏီမှ တင်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုသည် ကုန်ကျစရိတ်သက်သာပြီး ပိုမိုထိရောက်သည့် နည်းပညာဖြစ်၍ စိတ်ဝင်စားမှုရှိကြောင်းနှင့် စစ်တောင်းမြစ်ဝ၌ Pilot Project ဖြင့် လုပ်ငန်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ Super Rainbow Construction Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသန့်စိုးနှင့် Terre Armee Co., Ltd မှ ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။