၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပရာတွင် ဆပ်ကော်မတီများအလိုက် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / April 22, 2022
image_latest


   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားများ ကျင်းပရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀-၄-၂၀၂၂ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

   အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

   အစည်းအဝေးတွင် ၂၀၂၂  ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယနေ့ကျင်းပသည့် အစည်းအဝေးသည် အားနည်းချက်များကို ပြုပြင်ရန်၊ အားသာချက်ကို ဆက်ထိန်းထားပြီး ပိုကောင်းအောင် လုပ်ရန်နှင့် အကြံသစ် ဉာဏ်သစ်များရရှိရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ဘွဲ့တံဆိပ်တော် ရွေးချယ်ရေးနှင့်ပတ်သက်၍ ဝေဖန် ထောက်ပြစရာများ မရှိခဲ့ကြောင်း၊ အရှေ့တောင်အာရှ ထေရဝါဒနိုင်ငံများမှ သံဃာ့ရာဇာဆရာတော် များကို သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း၊ အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် မကြွရောက်နိုင်သော ပြည်တွင်း/ ပြည်ပ ဘွဲ့ခံသံဃာတော် များကိုလည်း သက်ဆိုင်ရာဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို နိုင်ငံတော်ကောင်စီဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဆက်ကပ်လှူဒါန်းပြီးဖြစ်ကြောင်း၊ ယခုနှစ် အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း၊ ကြီးကြီးမားမား ပြဿနာမရှိသော်လည်း လုပ်ငန်းကော်မတီအတွင်းမှာ အချင်းချင်းညှိနှိုင်းဆောင်ရွက်မှုနှင့် တင်ပြဆောင်ရွက်မှု အားနည်းချက် အချို့ရှိခဲ့ပါကြောင်း၊ ၎င်းတို့အတွက် ကောင်းမွန်သောနည်းလမ်းများ ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားသည်။

   ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက  ၂၀၂၂  ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားများ ကျင်းပရာတွင် ဆပ်ကော်မတီအလိုက် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

   တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေး၍ နောင်ကျင်းပမည့် အခမ်းအနားတွင် ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန