အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / April 22, 2022
image_latest


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ၁၉-၄-၂၀၂၂ ရက်နေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

   အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးအေးထွန်း၊ ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ပြန်တမ်းဝင် အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်၍ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်းအမှတ်စဉ်(၈)ကို တက်ရောက်အောင်မြင်ပြီး သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် အရာထမ်းများ ဖြစ်ပါကြောင်း၊

   သင်တန်းသားအရာရှိများသည် အမှုထမ်းများနှင့်အထက် အရာရှိကြီးများအကြား ပေါင်းကူး ဆက်သွယ်အကောင်အထည်ဖော်ပေးကြရသည့် အရေးပါလှသော အရာရှိအဆင့်များဖြစ်၍ ရုံးလုပ်ငန်းစနစ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်မှုရှိရမည့်အပြင် လူမှုဆက်ဆံရေးနယ်ပယ်တွင်လည်း ပြေပြစ်ချေငံစွာ ဆက်ဆံတတ်ဖို့ အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊

   မိမိတို့ဝန်ကြီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းစနစ်များ သွက်လက်မြန်ဆန်လာစေရန်၊ ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်စေရန် စီမံရေးရာ၊ ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို နားလည် တတ်ကျွမ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက် သည့်ဥပဒေများကို သိရှိနားလည်နေရန် ယခုဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းမှာကြိုးကြိုးစားစား လေ့လာသင်ယူကြပြီး သင်တန်းစည်းကမ်းများကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်း မှာကြားသည်။

   ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများကို လိုက်လံနှုတ်ဆက်စကားပြောကြားသည်။

   အဆိုပါသင်တန်းကို ၁၉-၄-၂၀၂၂ ရက်နေ့မှ ၂၉-၄-၂၀၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၄၀ ဦးတို့ တက်ရောက်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန