အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲ ဖွင့်လှစ်


Anti-corruption Commission/ anti-corruption commission / November 19, 2020


၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ  ၁၉ ရက်

+++++++++++++++

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့နံနက်(၀၉:၀၀)နာရီ တွင်ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ၌   ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

အခမ်းအနားအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်နှင့် ပြည်နယ်ဥပဒေချုပ်ဦးတင်ဦးတို့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ အမွှေးနံ့သာရည်များပက်ဖျန်း၍ ဖွင့်လှစ် ပေးခဲ့ပါသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ရာတွင် ပြစ်မှု ကျူးလွန်သူများနှင့် စည်းကမ်းချိုးဖောက်သူများအား ကျောသားရင်သားမခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းထိန်းညှိပြီး သန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်စေရန် ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း၊ အစိုးရကဏ္ဍ အသီးသီးနှင့် နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များအကြားတွင် ပိုမိုကောင်းမွန် သော အသိပညာများကို ဤရုံးခွဲမှ ပေးနိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် တတိယရုံးခွဲအဖြစ် လာရောက်ဖွင့်လှစ်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုး စီးပွားအတွက် ကော်မရှင်နှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်က ကော်မရှင်လုပ်ငန်းများ တင်ပြရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၈-၂၀၂၁)ကို ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက် နိုင်ရန်အတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ တစ်ရပ် ရေးဆွဲ နိုင်ရန် ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲများသို့ တိုင်ကြားစာများ စတင် ပေးပို့နိုင်ပြီဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း လာရောက်ဆွေးနွေးနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်း စစ်ဆေးအရေးယူခြင်း ကဏ္ဍ သုံးရပ်တွင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲ ရုံးအဆောက်အအုံ အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီးနောက် ရုံးအဆောက်အအုံ ကဗ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည် ပက်ဖျန်းပေး ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် တောင်ကြီးရုံးခွဲအဆောက်အအုံရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲများကို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေး တို့၌ ဖွင့်လှစ်ခဲ့ပြီး ယခုတောင်ကြီးရုံးခွဲသည် တတိယမြောက် ရုံးခွဲဖြစ်ကြောင်းနှင့် စတုတ္ထမြောက် ရုံးခွဲကို မော်လမြိုင်၌ ၂၀-၁၁-၂၀၂၀ ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါသည်။