သက်ရှိထင်ရှားလွတ်လပ်ရေးမော်ကွန်းဝင်ကြီး ၅ ဦးတို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက်သွားရောက်ဂုဏ်ပြုချီးမြှင့်ပေးအပ်


Mandalay Region Government/ မန္တလေးတိုင်းဒေသကြီး / January 06, 2021


၂ဝ၂၁ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့


 အမိမြန်မာန်ိုင်ငံတော်ကြီး၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်  သက်ရှိထင်ရှားရှိနေကြသော လွတ်လပ်ရေး မော်ကွန်းဝင်ကြီး ၅ ဦးတို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဂုဏ်ပြုချီးမြှင့်ငွေများကို ယင်းမော်ကွန်းဝင်ကြီးများနေထိုင်ကြသည့် နေအိမ်များသို့ တာဝန်ရှိသူများက ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက သွားရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။ 
 ယခုအချိန်သည် ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် လွတ်လပ်ရေးမော်ကွန်းဝင်ကြီးများ၏ ကျန်းမာရေးအတွက်ရှေ့ရှုလျက် ယခင်နှစ်များကဲ့သို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနေ့၌ပင်ဂုဏ်ပြုချီးမြှင့်နိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစီအစဉ် ဖြင့် အိမ်တိုင်ရာရောက်သွားရောက်ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းလည်းဖြစ်သည်။
 တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇာနည်အောင်နှင့်တာဝန်ရှိသူများသည် အောင်မြေသာစံ မြို့နယ် အကွက် (၄၉) မင်္ဂလာဥယျာဉ်၊ အနှိပ်တော်အုပ်စုတွင် နေထိုင်သော အသက် ၁၀၀နှစ်အရွယ်ရှိ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်) ဦးအောင်သူကိုလည်းကောင်း၊ အကွက်(၁၂/ခ) အနှိပ်တော်ရပ်ကွက်နေ အသက် ၉၇နှစ် အရွယ်ရှိ လွတ်လပ်ရေးမော်ကွန်းဝင်(တတိယအဆင့်) ဦးမင်းမောင်ကို လည်းကောင်း၊ မဟာအောင်မြေမြို့နယ်၊ အကွက်(၃၃၇)၊ ၃၆လမ်းနှင့် ၃၇လမ်းကြား၊ ၉၁လမ်းနှင့် ၉၂လမ်း ကြား၊ စိန်ပန်းရပ်ကွက်နေ  အသက် ၉၈ နှစ်အရွယ်ရှိလွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)   ဦးချစ်မောင်ကိုလည်းကောင်း၊ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ တလိုင်းစုရပ်နေ အသက် ၉၈ နှစ် အရွယ်ရှိ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်) ဦးကျော်တင် ကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်နေ အသက် ၉၇နှစ်အရွယ်ရှိ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)ဗိုလ်ကြီးစိန်ထွန်း ကိုလည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂သိန်းစီနှင့် တိုင်းဒေသကြီးလျှပ်စစ် ၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး မိသားစုတို့မှ ငွေကျပ် တစ်သိန်းစီတို့ကိုလည်း ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့သည်။