လင်းခေးတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်သည့်အခမ်းအနား ကျင်းပ


Ministry of GPMS/ Naypyidaw / January 17, 2024


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါပွဲအား မြို့နယ်အတွင်းရှိ ပြည်သူလူထုစုပေါင်းအင်အား (၈၂၀) ဦးတို့ဖြင့် မြို့နယ်နွယ်ဝတီခန်းမရှေ့မှ စတင်ကာ မြို့တွင်းလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အားကစားကွင်းတွင် သံဃာတော်များ ပရိတ်တရားရွတ်ခြင်း၊ ပြည်သူတစ်ဦးက အဆိုပါရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းများနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။

ယင်းနောက်တက်ရောက်လာကြသူအားလုံးက ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ယုံကြည်ကြသည့် ဘုရား၊ စေတီ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူ၊ ဗုဒ္ဓဘာသာကို အကြမ်းဖက် ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန်များအား ရှင်းလင်းရေး ဒို့အရေး၊ ဘုရား၊ စေတီ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများ ကျဆုံးပါစေစသည့် ကြွေးကြော်သံများနှင့်အတူ နိုင်ငံတော်အလံ၊ သာသနာအလံများ ကိုင်ဆောင်လျက် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

လင်းခေးသား