ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


Union Attorney General’s Office/ နေပြည်တော်၊ ဒီဇင်ဘာ ၁၅ / December 21, 2020


         ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
      အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မျက်နှာစုံညီ ပြုလုပ်နိုင်ခြင်း မရှိသဖြင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် “တရားဥပဒေစိုးမိုးရေးဆီသို့” ၂၀၁၅-၂၀၁၉ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲအမှုလိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တရားမျှတမှုကဏ္ဍတိုးတက်ရေးတို့ကို အထောက်အကူပြုရန် ရည်မှန်းချက် ပန်းတိုင် ၅ ရပ် ချမှတ်ထားပါကြောင်း၊ ၂၀၁၉-၂၀၂၀ ကာလအတွင်း တရားဥပဒေစိုးမိုးရေး ဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သို့ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။ 
        ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများအနေဖြင့် ဥပဒေမူကြမ်းများ စိစစ်အကြံပြုရာတွင် အထောက်အကူပြုရန် ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို ဖြန့်ဝေ ထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများတွင်လည်း ဥပဒေမူကြမ်းနှင့် တစ်ဆင့်ခံဥပဒေမူကြမ်းများကို စိစစ်ရန် ပြဌာန်းချက်များပါရှိပါကြောင်း၊ ဥပဒေမူကြမ်းများ စိစစ်အကြံပြုရာတွင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက်နှင့်စပ်လျဉ်းသည့် စိစစ် ချက်များကို ထပ်မံဖြည့်စွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဆိုင်ရာ စာချုပ် စာတမ်းများ စိစစ်အကြံပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြေယာကိစ္စများ အကြံပေးရာတွင် အထောက်အထားများကို ပြည့်ပြည့်စုံစုံလေ့လာရန် လိုအပ်ပြီး တည်ဆဲဥပဒေများ၊ မူဝါဒများကို သိရှိရန်လိုအပ်ပါ ကြောင်း၊ ဥပဒေအရာရှိများသည် ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ် ပြဌာန်းသည့် ဥပဒေများကို မျက်ခြေမပြတ် လေ့လာရန်လိုအပ်ပါကြောင်း၊  အယူခံမှုနှင့် ပြင်ဆင်မှုများ တင်သွင်းရာတွင် ကာလစည်းကမ်းသတ် မကျော်လွန်စေရေးနှင့် တရားရုံးစီရင်ချက် မိတ္တူမှန်များ အချိန်မီရရှိစေရေး ဂရုပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊  ဥပဒေအရာရှိကျင့်ဝတ်ကို လိုက်နာကြရန်နှင့်  အရည်အသွေး ပြည့်ဝသူများဖြစ်စေရေး ကိုယ်တိုင် ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ပါကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ 
    အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါသည်။  ယင်းဆွေးနွေးပွဲ အား ၁၆-၁၂-၂၀၂၀ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။                                                                                                            

     (သတင်းစဉ်)