ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြ


Bago Region Government/ ပဲခူးမြို့ / August 26, 2020


 

​​​​​​​

​​​​​​​

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လေကြောင်းဦးစီးဌာနမှ ဆောင်ရွက်ရန်ကျန်သည့် ကိစ္စရပ်များလည်း ရှိနေသေးကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်ပြီး အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့ရန် မြေနေရာမရှိခြင်းနှင့် ကြီးမားသည့်ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရန်မဖြစ်နိုင်သဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မဖြစ်မနေဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်၍ အားလုံးဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လေကြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် ဆောင်ရွက်ခဲ့ရမှု အခြေအနေကိုလည်းကောင်၊ လေကြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား အဆင့်အလိုက် ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ JICA မှ Mr.Uehara က လေဆိပ်ပြေးလမ်းများ၊ အဆောက်အဦများ၊ လေဆိပ်တွင်း ပတ်လမ်းများအား နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ Total Business Solution Co., Ltd မှ တာဝန်ရှိသူတစ်ဦးက လေဆိပ်စီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လေကြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ JICA အဖွဲ့မှ တာဝန်ရှိသူများ၊ Total Business Solution Co., Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

​​​​​​​https://bagoregion.gov.mm/