ပဲခူးမြို့တွင် ကိုဗစ်ညွှန်ကြားချက်များ ပြည်သူများလိုက်နာနိုင်ရေး အသိပညာပေးဆောင်ရွက်မှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ပါဝင်ဆောင်ရွက်


Bago Region Government/ ပဲခူးမြို့ / December 14, 2020


ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ရွက် ပဲခူးမြို့ပေါ်နေရာ အသီးသီး၌ ဒီဇင်ဘာလ(၃)ရက်နေ့မှ စတင်၍ ပြည်သူများကို ဗစ်ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် နေ့စဉ်အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ရိုက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို အဖွဲ့ပေါင်းစုံဖြင့် နေရာခွဲ၍ ဆောင်ရွက်လျှက်ရှိရာ ယနေ့ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ကျောက်တွင်းကုန်းလမ်းဆုံ၊ ဘုရားဈေးရှေ့နှင့် ပြင်စီဈေးလမ်းတို့တွင် ဆောင်ရွက်ပြုလုပ်ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်း ပဲခူးခရိုင် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ လမ်းမပေါ်သွားလာနေသည့် ပြည်သူများအား ကိုဗစ်ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ကား၊ ဆိုင်ကယ်များတွင် စတစ်ကာစာရွက်များ ကပ်ပေးခြင်း၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းများ မပြုလုပ်ကြရန် ပြောကြားခဲ့ပြီး ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ နေ့စဉ်ပြုလုပ်နေသည့် အသိပညာပေးခြင်းလုပ်ငန်း၌ ပါဝင်ဆောင်ရွက် လုပ်ကိုင်ပေးနေကြသူများ လိုအပ်သည့်နေ့ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေ(၅)သိန်းကျပ်အား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး ပြည်သူများ အပန်းဖြေအနားယူနိုင်ရေး၊ ကားပါကင်ထားရှိနိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။​​​​​​​