ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်


Bago Region Government/ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ / November 18, 2020


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရွေးကောက်ပွဲကာလပြီးမြောက်ခဲ့ပြီးဖြစ်၍ Covid-19 ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ Covid-19 ရောဂါနှင့်ပတ်သက်၍ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေသည်ကိုလည်း သိရှိနေရကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများတစ်ဦးချင်းအလိုက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ထားပြီးလည်းဖြစ်ကြောင်း၊ မလိုက်နာပါကလည်း ဥပဒေအရ ပြင်းပြင်ထန်းထန်း အရေးယူဆောင်ရွက်သွားမည်ကို သတိပေးလိုက်ကြောင်း၊ Stay at Home မြို့နယ်များတွင် အခြေခံလူတန်းစာ အိမ်ထောင်စု(၁)ခုလျှင် (၄)သောင်းနှုန်း၊ ကျန်မြို့နယ်များရှိ အခြေခံလူတန်းစာ အိမ်ထောင်စု(၁)ခုလျှင် (၂)သောင်းနှုန်း ထောက်ပံ့ပေးရန် စီစဉ်ပေးထားပြီးဖြစ်ကြောင်း၊ ဒီနေရာမှာ အထူးမှာလိုသည်က မှန်မှန်ကန်ကန် စနစ်တကျ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ အများပြည်သူ ပွင့်လင်းမြင်သာစွာ သိရှိစေရန် ထောက်ပံ့ပေးမည့် အိမ်ထောင်စုများ၏ စာရင်းများအား ရပ်/ကျေးရုံများတွင် ကပ်ထားပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကြေးပေးခြင်းနှင့်ပတ်သက်၍ မလိုလားအပ်သော မသမာမှုများ စိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည်ကိုလည်း တစ်ပါတည်းထည့်သွင်းပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲကာလတွင် မဲရုံအဖြစ် အသုံးပြုခဲ့သည့် စာသင်ကျောင်းများအား လိုအပ်ပါက Facility Quarantine များအဖြစ် ဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက Stay at Home မြို့နယ်များ စည်းကမ်းလိုက်နာမှု အားနည်းနေ၍ အရေးယူဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မြို့တွင်းစျေးများ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများ၊ စက်ရုံ/ အလုပ်ရုံများရှိ ရောဂါပိုးတွေ့ရှိသူ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူများအား သီးခြား စီမံဆောင်ရွက်သွားမည့် အခြေအနေများ၊ Facility Quarantine များတွင် ကျွေးမွေးစရိတ်များ ထောက်ပံ့ပေးရန် လိုအပ်ချက်များ၊ စေတနာ့ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပဲခူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံက ပဲခူးမြို့တွင်း စျေးများ စည်းကမ်းတကျဖြစ်စေရေး ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် စည်းကမ်းလိုက်နာမှု မရှိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အခြေခံလူတန်းစားများ ထောက်ပံ့ကြေးပေးရာတွင် စံသတ်မှတ်ချက်နှင့်အညီ စာရင်းကောက်ယူထားသူများ ဖြစ်စေရန်လိုအပ်ကြောင်း၊ တိုင်းကြားမှုများရှိလာပါက ပါဝင်ပတ်သက်သူများကို ထိရောက်စွာ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က Covid-19 ရောဂါ လက်ရှိရောဂါပိုးတွေ့ရှိသူများအား ကုသပေးနေမှုနှင့် ရောဂါဖြစ်ပွားမှု များပြားလာပါက မြို့နယ်အလိုက် သီးခြားနေရာများ ရှာဖွေထားသည့် အခြေအနေကိုလည်းကောင်း၊ တက်ရောက် လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် Covid-19 ရောဂါ ဖြစ်ပွားနေမှုနှင့် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေး လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

https://bagoregion.gov.mm/