နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များဖြင့် ရေးထွင်းပူဇော်မည့် ပိဋကတ်သုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Ministry of Religious Affairs & Culture/ Naypyitaw / April 22, 2022
image_latest


   နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များဖြင့် ရေးထိုး ထွင်းထုပူဇော်မည့် ပိဋကတ်သုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ် နိုင်ရေးအတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁-၄-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် Aureum Palace Hotel, Lake View Hall အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

   အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိစစ်တည်းဖြတ်ရေးကော်မတီ နာယကများဖြစ်ကြသည့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ စိစစ်တည်းဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဇောတိက၊ စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ စစ်ထောက်ချုပ် ရုံးမှ ဗိုလ်မှူးကြီး စိုးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော စိစစ်တည်းဖြတ်ရေးကော်မတီ နာယက၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ က စိစစ်ပြီးသော ပါဠိတော်များကို ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ဝေသည့်အခါ ဆဋ္ဌသံဂါယနာ စာတော်မူ အစီအစဉ်အတိုင်း ပြည့်ပြည့်စုံစုံ ရိုက်နှိပ်ဖြန့်ဝေပေးရန် လေးလေးနက်နက်တိုက်တွန်းပါကြောင်း ဩဝါဒမိန့်ကြားသည်။

   ဆက်လက်၍ စိစစ်တည်းဖြတ်ရေးနာယက၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ က စာမူတည်းဖြတ်သော လုပ်ငန်းကြီးသည် ပါဠိတော် အုပ်ရေ ၄၀ ကို တက္ကသိုလ် လေးခု လေးဖွဲ့ခွဲပြီး စိစစ်ခြင်းလုပ်ငန်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ဩဝါဒမိန့်ကြားသည်။

   ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က ပိဋကတ် သုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကိစ္စရပ်များကို ဆရာဒကာ လက်တွဲညီစွာဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ပါဠိတော် အုပ်ရေ ၄၀ မှ ၃၇ အုပ် စိစစ်ပြီး သုံးအုပ်သာ စိစစ်ရန် ကျန်ရှိသော်လည်း အဆိုပါသုံးအုပ်အား ဧပြီလအတွင်း အပ်နှံမည်ဖြစ်ကြောင်း လျှောက်ထားသည်။

   ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန