နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထုပူဇော်မည့် ပိဋကသုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေးအတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / March 22, 2022
image_latest


   နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထုပူဇော်မည့် ပိဋကသုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ် နိုင်ရေးအတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၁-၃-၂၀၂၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

   ညှိနှိုင်းအစည်းအဝေးသို့ စိစစ်တည်းဖြတ်ရေးကော်မတီ နာယက နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီ‌တော်များ၌ ကိန်းဝပ်တော်မူမည့် ပါဠိ+ရိုမင်ကျောက်စာ ဓမ္မစေတီတော်များ တည်ထားပူဇော်နိုင်ရန် အလွန်ကြုံခဲ ရခဲလှစွာသော ပါဠိ+ရိုမင်  အက္ခရာတည်းဖြတ်ရေးလုပ်ငန်းတို့ကို နိုင်ငံတော်အစိုးရက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်များသို့ လွှဲအပ်၍ တာဝန်ပေးအပ်ချက်အရ တက္ကသိုလ် များ၏ ပညာရှင်များက ကြိုးကြိုးစားစားဆောင်ရွက်ပေးကြသဖြင့် အကောင်ထည်ပေါ်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးခြားမွန်မြတ်လှသည့် ပရိယတ္တိသာသနာပြုလုပ်ငန်းကို ပါဝင်ဆောင်ရွက်ခွင့် ရခြင်းသည် ဆရာတော်တို့၏ဘဝမှတ်တိုင် စိုက်ထူခွင့်ရခြင်းဖြစ်၍ အလွန်ထူးခြား မွန်မြတ်လှ ပါကြောင်းနှင့် ဤအာစိဏ္ဏကံကုသိုလ်ကို ပွားများနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း သြဝါဒ မိန့်ကြားသည်။

   ဆက်လက်၍ စိစစ်တည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဇောတိက က ပိဋကတ်သုံးပုံပါဠိတော်ကို ကျောက်ထက်အက္ခရာတင်ခြင်းသည် သာသနာတော်နှင့်ပတ်သက်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ယခုဆိုလျှင် လုပ်ငန်းပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်းနှင့် ပြီးစီးအောင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း သြဝါဒမိန့်ကြား သည်။

   ထို့နောက် စိစစ်တည်းဖြတ်ရေးကော်မတီအတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ က ပါမောက္ခချုပ်ဆရာတော် မိန့်ကြားသကဲ့သို့ ပါရမီရှင်များဖြစ်ကြောင်း၊ ပိဋကသုံးပုံပါဠိ တော်ကို စိစစ်တည်းဖြတ်နိုင်ရေး ကော်မတီအနေဖြင့် ကျောက်စာထွင်းထုပြီးသည့်အထိရော စာအုပ်

ထုတ်ဝေပြီးသည့် အဆင့်ထိရောက်သွားမည်ဖြစ်ကြောင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှလည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကူညီပေးကြပါရန် ဝမ်းမြောက်ဝမ်းသာ ပါရမီဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားရင်း သြဝါဒကထာ မိန့်ကြားသည်။

   ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအေးထွန်းက ယခင်က ပိဋကတ်‌တော် (၁)ကျမ်းပြီးစီးပြီး ယခုအစည်းအဝေးတွင် (၁၉)ကျမ်းပြီးစီးကြောင်းသိရှိရပါသဖြင့် ဝမ်းသာအားရဖြစ်ပါကြောင်း၊ ယခင်ကလျှောက်ထားသကဲ့သို့ သမိုင်းတွင်မည့်လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ မှတ်တမ်းတင်နိုင်ရေးအတွက် ဆရာတော်များ၏အဖွဲ့လိုက် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ထည့်လိုပါကြောင်း၊ ဆရာတော်များက တက်တက်ကြွကြွဆောင်ရွက်နေမှုကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သော ပံ့ပိုးဖြည့်ဆည်းပေးရန်ရှိပါကလည်း တပည့်တော်တို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှောက်ထားပါသည်။

   ထို့နောက် တက်ရောက်လာသော ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက ပိဋကသုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/Romanအက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေး လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက် (၁၃)ချက်ကို ချမှတ်အတည်ပြုခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                    

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန