နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / March 24, 2022
image_latest


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၂) အစည်းအဝေးကို ၂၃-၃-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဍိတဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ က ရန်ကုန်နှင့်မန္တလေးရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖွင့်လှစ်ခဲ့ သည်မှာ နှစ်ပေါင်း ၃၅ နှစ် ရှိပြီး ယနေ့အထိ ရှင်သန်ရပ်တည် တိုးတက်နေခြင်းမှာ ဆရာဒကာ ဘက်နှစ်ခုလုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မိမိကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ၍ ဖြစ်ပါ ကြောင်း၊ မိဘဆရာသမားတို့၏ အဆုံးအမဩဝါဒကို ခံယူနိုင်ခွင့်ရကြသည့် သားသမီးတပည့်တို့သာ လူလောကအလယ်၌ မျက်နှာမငယ် တင့်တင့်တယ်တယ်နေနိုင်သကဲ့သို့ ယခုတက္ကသိုလ်ကြီးများသည် လည်း ဆရာနှင့်တူသည့် သံဃာတော်အရှင်မြတ်များ၊ မိဘနှင့်တူသည့် ဒကာများ၏ ဓမ္မဝိနယနှင့် လျော်ညီသည့် အဆုံးအမအထောက်အပံ့များကို ခံယူရရှိနေကြ၍သာ ယခုလို အခြေအနေအထိ ရပ်တည်ရှင်သန်နေနိုင်ကြခြင်းဖြစ်ပါကြောင်း တက္ကသိုလ်ကြီးများ၏ ရည်မှန်းဦးတည်ချက်ထဲ၌ အကျင့် သိက္ခာမြင့်မားစေခြင်းကို အလေးပေးဖော်ပြထားသကဲ့သို့ လက်တွေ့လိုက်နာကျင့်သုံးမှု အပိုင်းမှာလဲ မချို့ယွင်းကြစေရန် အထူးကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်း၊ “ပညာရှိ သတိဖြစ်ခဲမို့” သတိပေး တိုက်တွန်းပါကြောင်း ဩဝါဒကထာ မြွက်ကြားသည်။

        ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

          ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်ကောင်း၊ တက္ကသိုလ် များဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၂) အစည်းအဝေးတင်ပြချက်များကိုလည်းကောင်း လျှောက်ထားသည်။

          ထို့နောက် တက်ရောက်လာသည့် ဆရာတော်များနှင့်ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ် များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၂)နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၄)ရပ် ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားသည်။

ယင်းနောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး အစည်းဝေးသို့ တက်ရောက်လာသည့် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန