ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

 

ဌာနအဖွဲ့အစည်းအကြောင်းအရာ

ရန်ကုန်မြို့သည် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အင်္ဂလိပ် ကိုလိုနီနယ်ဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရ မှ Town Magistrate ခေါ်မြို့ဝန်တစ်ဦးခန့်အပ်ပြီး ရန်ကုန်မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ရန်ကုန်မြို့တော် ပထမမြူနီစပယ်အက်ဥပဒေကို ပြဋ္ဌာန်းပြီး ဤအက် ဥပဒေအရ အဖွဲ့ဝင်(၃၂)ဦး ပါဝင်သည့် အဖွဲ့ဖြင့် မြို့တော်စည်ပင်သာယာရေး (Municipal) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၂၂ ခုနှစ် ရောက်သောအခါ အသုံးပြုနေဆဲဖြစ်သည့် ရန်ကုန်မြို့တော်မြူနီစပါယ်အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး အဆိုပါအက်ဥပဒေအရ ယခင်မြူနီစပါယ်အဖွဲ့ဝင်လူကြီးများကို လူမျိုးစုအလိုက် ရွေးချယ် တင်မြှောက်ပြီး မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းအဖွဲ့ကို မြူနီစပါယ် ကော်ပိုရေးရှင်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။

ဤသို့ဖြင့် ခေတ်အဆက်ဆက် ရန်ကုန်မြို့တော်၏ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြပြီး ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ၁၉၇၂ခုနှစ်တွင် ယခင်မြူနီစပါယ်အဖွဲ့ကို မြူနီစပါယ်ကော်မတီအဖြစ် ရန်ကုန်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကိုယ်စားလှယ်များ၊ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၁၉၇၄ ခုနှစ် မတ်လ ၂၅ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာဖြင့် ရန်ကုန်မြို့တော်မြူနီစပါယ်ကော်မတီကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ဟု အစားထိုးခေါ်ဝေါ်စေပြီး၊ ၁၉၇၇ ခုနှစ် ပြည်သူ့ လွှတ်တော် ဥပဒေအမှတ်(၁၃)၊ ပုဒ်မ (၃၉)အရ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ဥက္ကဌမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့၏ ဥက္ကဌ(မြို့တော်ဝန်)အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

၁၉၈၄ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၅)ဖြင့် စည်ပင်သာယာရေး ဥပဒေကိုပြဌာန်းပေးခဲ့ပါသည်။ ယင်းဥပဒေအခန်း(၂)ဖွဲ့စည်းခြင်း၊ ပုဒ်မ(၃)ပါ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များအရ နိုင်ငံတော်ကောင်စီသည် အမိန့် ကြော်ငြာစာအမှတ် (၃၈/၈၅)ကို(၁၉၈၅)ခု မတ် လ (၁၂)ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြော်ငြာခဲ့သည်။ ယင်းအမိန့် ကြော်ငြာစာ အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖြစ် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက သီးခြားကော်မတီအဆင့်သတ်မှတ်ပေးခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တာဝန်ယူသည့် ၁၉၈၈ နောက်ပိုင်းတွင် ရန်ကုန် မြို့တော်၏ တိုးတက်ပြောင်းလဲလာသော အခြေအနေအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၀ ဖြင့် ကော်မတီဝင် (၇)ဦးမှ (၁၅)ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ကော်မတီရုံးနှင့်မူလဌာနကြီး (၁၅)ခု မှ (၁၈)ခုအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ၏ (၂၈-၁၂-၁၉၉၈) ရက်နေ့၌ ကျင်းပသော အစည်းအဝေး အမှတ်စဉ်(၃/၉၈)အရ ကော်မတီရုံးနှင့်ဌာန(၁၉)ခု၊ ထုတ်လုပ်ရေးလုပ်ငန်းစု(၁)ခုအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ (၂၂-၂-၂၀ဝ၁)ရက်နေ့၌ ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၉/၂၀ဝ၁) အရ ကော်မတီရုံးနှင့်ဌာန (၂၀)ခုအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (Yangon City Development Committee) သည် စည်ပင်သာယာရေးနယ်နိမိတ်ဧရိယာ စုစုပေါင်း ၃၀၆.၇၃ စတုရန်းမိုင်အတွင်း အာဏာသက်ရောက်ပါသည်။ မြို့တော်ကိုမြို့တော်အင်္ဂါရပ်နှင့်ညီအောင်တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် မြို့တော်နေပြည်သူများ၏ ကျန်းမာသန့်ရှင်းရေး၊ ဘေးအန္တရာယ် ကင်းစွာသွားလာနိုင်ရေး၊ ပျော်ရွှင်ချမ်းမြေ့စွာ အပမ်းဖြေနိုင်ရေးအစရှိသည့် ရန်ကုန်မြို့ တော်အတွင်း စည်ပင်သာယာဖွံ့ဖြိုးရေးနှင့် အများပြည်သူများအား လူမှုရေးအရ အကျိုးပြုစေမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အောက်ပါလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စုစုပေါင်းလူဦးရေ (၅.၁၄) သန်းခန့်နေထိုင် လျက်ရှိပါသည်။

လုပ်ငန်းတာဝန်များ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ မြို့သစ်များ တည်ထောင်ခြင်း။
(ခ ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများကို စီမံခန့်ခွဲခြင်း။
(ဂ ) ရန်ကုန်မြို့တော်တွင် သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေကိုသာ နေထိုင်ခွင့်ပြုရန် သတ်မှတ်ခြင်း။
(ဃ) အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း။
(င ) ကျူးကျော်အိမ်များ၊ ကျုးကျော်အဆောက်အအုံများ၊ ကျုးကျော်ရပ်ကွက်များဖျက်သိမ်းခြင်း၊ ပြောင်းရွေ့ နေရာချထားခြင်း။
(စ ) လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ ယင်းတို့ကိုပြင်ဆင်ထိန်း သိမ်းခြင်း။
(ဆ) ယာဉ်နှင့် အနှေးယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့နှင့် စပ်လျဉ်း၍စည်းကမ်းများ သတ်မှတ်ခြင်း။
(ဇ ) ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေနေရာများ တည်ဆောက်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း။
(ဈ ) လမ်းမီးပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ည) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဋ ) ရေလှောင်ကန်များ၊ ရေပိုက်လိုင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
(ဌ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဍ ) ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဎ ) ဈေးများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း။
(ဏ) လမ်းဘေးဈေးဆိုင်များနှင့် စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်း။
(တ) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားပါသည်-

(က) ကော်မတီရုံး
(ခ ) ထုတ်လုပ်ရေးဌာန
(ဂ ) စီမံရေးရာဌာန
(ဃ) ဘတ်ဂျက်နှင့်ငွေစာရင်းဌာန
(င ) စစ်ဆေးရေးဌာန
(စ ) ညှိနှိုင်းဆောင်ရွက်ရေးဌာန
(ဆ) ရာပြတ်ဌာန
(ဇ ) အခွန်ဌာန
(ဈ ) ဈေးများဌာန
(ည) တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန
(ဋ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
(ဌ ) အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)
(ဍ ) အင်ဂျင်နီယာဌာန(အဆောက်အအုံ)
(ဎ ) အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
(ဏ) စက်ရုံနှင့်မော်တော်ယာဉ်ဌာန
(တ) ဗဟိုပစ္စည်းထိန်းဌာန
(ထ) ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန
(ဒ ) ကျန်းမာရေးဌာန
(ဓ ) လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
(န ) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
(ပ ) ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန

Website လိပ်စာ

www.ycdc.gov.mm

ရရှိနိုင်သော ဝန်ဆောင်မှုများ

၁။ မြို့တော်ဂေါက်ကွင်း(ရန်ကုန်)မှ ပြည်သူသို့ပေးနေသောဝန်ဆောင်မှုများ


၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Online ဝန်ဆောင်မှုများ