ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပစ္စည်းများပေးသွင်းခွင့်ပြုခြင်း
ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပစ္စည်းများပေးသွင်းခွင့်ပြုခြင်း
Ministry of Home Affairs / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အကျဉ်းထောင်/စခန်းအသီးသီးရှိ အကျဉ်းသား၊ အချုပ်သားများ၏ မိတ်ဆွေများ၊ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ဆုံခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းဦးစီးဌာန၏ ထောင်ဝင်စာတွေ့ဆုံခွင့်ပြုသည့် လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျဉ်းသား၊ အချုပ်သားမခွဲဘဲ ဧည့်တွေ့ခွင့်ကို တစ်ပတ်လျှင် တစ်ကြိမ် တွေ့ဆုံခွင့်ပြုလျက်ရှိပြီး ထောင်ဝင်စာဧည့်တွေ့ချိန်ကို အနိမ့်ဆုံး ၂၅မိနစ် တွေ့ဆုံခွင့်ပြုထား သော်လည်း ဝေးလံသောဒေသမှ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါက အကျဉ်းထောင်ရှိ လူဦးရေ၊ ဧည့်တွေ့သူလူဦးရေ အနည်း/အများအပေါ် မူတည်၍ ဧည့်တွေ့ခြင်းအတွက် ခွင့်ပြုချိန်ကို အကျဉ်းထောင်တာဝန်ခံအရာရှိမှ လိုအပ်သလို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းသား၊ အချုပ်သားများအား ၎င်းတို့၏ ဥပဒေအကြံပေး(ရှေ့နေများ)နှင့် သီးခြားတွေ့ဆုံခြင်းအား ခွင့်ပြုပေးလျက် ရှိပါသည်။
(က) ထောင်ဝင်စာတွေ့မည့် ပြင်ပဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ အကျဉ်းထောင်/အလုပ်စခန်းရှိ ထောင်ဝင်စာဧည့်တွေ့ဌာနစိတ်သို့ သွားရောက်၍ လိုအပ်သော မှတ်တမ်းများ ရေးသွင်းရန် အတွက် စာရင်းပေးသွင်းခြင်း (ဥပမာ- အကျဉ်းကျ၊ အချုပ်ကျ ခံနေရသော အကျဉ်းသား၊ အချုပ်သား၏ ထောင်ဝင်အမှတ်၊ အမည်၊ ဖခင်အမည်၊ ဖြစ်ပွားသည့်အမှု၏ ပုဒ်မ၊ ပြစ်ဒဏ်၊ နေထိုင်ရသော အဆောင်အမှတ်နှင့် အခန်းနံပါတ်၊ ဧည့်တွေ့မည့် သူ(ပြင်ပပုဂ္ဂိုလ်)၏ အမည်၊ တွေ့ဆုံလိုသည့်ဦးရေ(ပြင်ပပုဂ္ဂိုလ်) စသည်များကို စာရင်းပေး သွင်းရမည် ဖြစ်ပါသည်။
( ခ) စာရင်းပေးသွင်းပြီးပါက မိမိနှင့်အတူပါလာသော အကျဉ်းသား/ အချုပ်သားအား ပေးရန်ယူဆောင်လာသော ထောင်ဝင်စာပစ္စည်းများအား မှတ်တမ်းတင်ခြင်း၊ ရှာဖွေခြင်း၊ ဌာနစိတ်တွင် ပေးအပ်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဝန်ဆောင်ခ
အခမဲ့ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) လာရောက်တွေ့ဆုံသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ရပ်ကွက်အတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ထောက်ခံစာ (မူရင်းနှင့် မိတ္တူ ၂ စောင်)
( ခ) အိမ်ထောင်စုဝင်ဇယား (ပုံစံ-၁၀) သို့မဟုတ် မိသားစုဝင်ဖြစ်ကြောင်း ရပ်ကွက်ထောက်ခံစာ (သန်းခေါင်စာရင်း) (မူရင်း နှင့်မိတ္တူ ၂ စောင်)။
ထောင်ဝင်စာတွေ့ဆုံရာတွင် ပစ္စည်းများပေးသွင်းခွင့်
အကျဉ်းထောင်၊ စခန်းအသီသီးရှိ အကျဉ်းသားများ၊ အချုပ်သားများအား ထောင်ဝင်စာတွေ့ဆုံစဉ် ပစ္စည်းပေးသွင်းခွင့်အား အောက်ဖော်ပြပါ သတ်မှတ်ချက်နှင့်အညီ စိစစ်ပေးသွင်းခွင့်ပြုထားပြီး ထောင်တာဝန်ခံအရာရှိများမှ လိုအပ်သလို အတိုး/အလျော့ပြုလုပ်လျက် ခွင့်ပြုပေး လျက်ရှိပါသည်။
(က) သစ်သီးတစ်မျိုး (သင်္ဘောသီးတစ်လုံး သို့မဟုတ် ငှက်ပျောသီး တစ်ဖီး သို့မဟုတ် လိမ္မော်သီးဆယ်လုံး)
(ခ ) မုန့်တစ်မျိုး (ကိတ်ခြောက် သို့မဟုတ် မုန့်ကြွပ် သို့မဟုတ် ဘီစကွတ်တစ်ထုပ်၊ ၂၅ကျပ်သားခန့်)
(ဂ) အသားကြော်တစ်မျိုး (ငါး၊ ဝက်သား၊ ကြက်သား၊ ဆိတ်သားအကြော် တစ်မျိုး၊ ၅၀ကျပ်သားခန့်)
(ဃ) ဘာလချောင်ကြော် သို့မဟုတ် ငါးပိကြော် သို့မဟုတ် သရက်သီး သနပ်တစ်မျိုးမျိုး၊ ၂၀ကျပ်သားခန့်
(င ) အသင့်တစ်ခါစား၊ ခေါက်ဆွဲ သို့မဟုတ် ကြာဇံ သို့မဟုတ် မုန့်ဟင်းခါးထုပ်၊ ၅ထုပ်
(စ ) အသင့်ဖျော်တစ်ခါသောက်၊ ကော်ဖီမစ် သို့မဟုတ် တီးမစ် သို့မဟုတ် ကွေကာအုပ်၊ ၇ထုပ်
(ဆ) သွားတိုက်ဆေး ၁ ဘူး
(ဇ ) သွားတိုက်တံ ၁ ချောင်း
(ဈ ) ကိုယ်တိုက်ဆပ်ပြာ ၁ တုံး
(ည) ဆေးဝါးများကို ဆေးလက်မှတ်ထောက်ခံချက်ပါပါက အကျဉ်းထောင်ဆရာဝန်ထံသို့ အပ်နှံထားရှိကာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် စားသုံးခွင့်ပြုပါသည်။
မှတ်ချက်။ ယခင်က အထက်ပါအရေအတွက်အတိုင်း ပေးသွင်း ခွင့်ပြုထားသော်လည်း ယခုအချိန်တွင် မိမိပေးလိုသလောက် စိစစ်လျက်ပေးသွင်းခွင့်ပြုထားပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ
ဖြည့်စွက်ချက်
၁။ အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ်-၃၇၃ တွင် အောက်ပါပစ္စည်းများအား တားမြစ်ပိတ်ပင် ထားပါသည်-
(က) အရက် သို့မဟုတ် အရက်ပြန်ပါရှိသောမည်သည့် အရည်အမျိုးအစားမဆို၊
( ခ) ဆေးလိပ်သောက်ရန်၊ ဆေးဝါးရန် သို့မဟုတ် ရှူရှိုက်ရန်ပစ္စည်းများဖြစ်သော ဆေးရွက်ဆေးတံများ၊ ကျလင်များအစရှိသည်၊
( ဂ) ဂန်ဂျာ(ဆေးခြောက်) ဘိန်း သို့မဟုတ် အခြားဆေးဝါးရန် အဆိပ်ရှိသောပစ္စည်းတစ်စုံတစ်ရာ၊
(ဃ) အဆိပ်ရှိသောပစ္စည်းများ၊မီးမွေးရန်ပစ္စည်းများသို့မဟုတ် ကိုယ်အင်္ဂါချို့ယွင်းပျက်ဆီးစေနိုင်သော ပစ္စည်းများ၊
( င) ငွေများ၊ ငွေစက္ကူများ၊ အဖိုးတန်စာရွက်စာတမ်းများ၊ ရွေငွေလက်ဝတ်တန်ဆာများ (သို့) အဆင်တန်ဆာအမျိုးမျိုး၊
( စ) အကျဉ်းထောင်တာဝန်ခံမှ အသိအမှတ်မပြုသောစာအုပ်များ၊ ပုံနှိပ်ပစ္စည်းများ၊ စာများ သို့မဟုတ် စာရေးကိရိယာအမျိုးမျိုး၊
(ဆ) ဓါးများ၊ လက်နက်များ၊ ကျစ်ကြိုးများ၊ ကြိုးများ၊ ဝါးများ၊ လှေကားများ၊ တုတ်များနှင့် အခြားလက်နက်ကိရိယာများနှင့် ထွက်ပြေးရန်လွယ်ကူသော ပစ္စည်းအားလုံးတို့အား အလုပ်ချိန် မှအပ ထောင်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော နေရာများ၌ အသုံးပြု၍ ထုတ်ပေးထားသည့် ကိစ္စများဖြစ်သည်။
( ဇ) အကျဉ်းထောင် ကုန်လှောင်ရုံမှဖြစ်စေ၊ ကုန်ဖြန့်ဖြူးရေးမှဖြစ်စေ၊ အကျဉ်းသားများ အသုံးပြုရန်အတွက် ထုတ်ပေးခြင်းမဟုတ်သော မည်သည့်ပစ္စည်းများမဆို။
မှတ်ချက်။ အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ်-၃၇၃ တွင် ဖော်ပြမထားသော်လည်း အကျဉ်းဦးစီးဌာန၏ အမိန့်၊ ညွှန်ကြားချက် များဖြင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကိုလည်း ပေးသွင်းခွင့်မပြုပါ။ (ဥပမာ- ဖုန်းများ၊ ကင်မရာများနှင့်အခြားသော အီလက်ထရောနစ် ဆက်စပ်ပစ္စည်း စသည်များ)
Website လိပ်စာ
http://www.myanmarprisonsdepartment.org/index.php/en/