၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / February 21, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲနှင့် လူရွေးပွဲသို့ လာရောက်ကြည့်ရှုအားပေးသည်။

ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင် အောင်ချင်း(ဘားအံ-EDC)က ပထမ၊ မောင်လင်း ခိုင်(ရန်ကင်း- EDC)က ဒုတိယ၊ မောင်နေလှိုင်ဦး (ထားဝယ်-EDC)က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မဝိုင်းချစ်(စစ်ကိုင်း- EDC) က ပထမ၊ မသန္တာလင်း(ထားဝယ်-EDC) က ဒုတိယ၊ မဆုန်းနမ်ပါရ်(မုံရွာ-EDC) က တတိယရရှိ ကြသည်။

အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်မျိုးချစ်အောင် (ကျောက်ဖြူ-EDC)က ပထမ၊ မောင်ရာဇာဦး (မန္တလေး-EDC)က ဒုတိယ၊ မောင်ဟိန်းထက်အောင် (ပခုက္ကူ-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မဖြိုးဖြိုးခိုင်(ထားဝယ်-EDC)က ပထမ၊ မပြည့်ရတနာ ဖြိုး (မြောင်းမြ) က ဒုတိယ၊ မလှဦး(တောင်ကြီး) က တတိယရရှိကြသည်။

အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် မောင်မင်းဇင် ဟိန်း(ပုသိမ်-EDC)က ပထမ၊ မောင်မင်းခန့်(မကွေး-EDC)က ဒုတိယ၊ မောင်ရှိုင်းဇော်(မိတ္ထီလာ-EDC)က တတိယရရှိကြပြီး အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် မသီသီဟန်(မကွေး-EDC)က ပထမ၊ မဇူးဇူးအောင် (ဘိုကလေး-EDC)က ဒုတိယ၊ မနန်းမွေဖောင် (လားရှိုး-EDC)တတိယ ရရှိကြသည်။

အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲတွင် မအိအိဖြိုး (လားရှိုး-EDC) က ပထမ၊ မဆုပြည့်ပြည့်ဦး (ထားဝယ်-EDC)က ဒုတိယ၊ မအေးအေးမိုး(ဘားအံ-EDC)က တတိယ ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုရရှိသည့်အားကစားမောင်မယ်များအား ပညာရေးဝန်ကြီးဌာန ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါ်သူဇာရှိန်၊ ဒေါ်အေးဖြူဇင်တို့က ဆုများချီးမြှင့်ပေးကြသည်။  

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပသည့် အမျိုးသမီးဘော်လီဘောပွဲစဉ်နှင့် အမျိုးသား ဘော်လီဘောပွဲစဉ် တတိယနေရာလုပွဲကို လာရောက်ကြည့်ရှုအားပေးသည်။ အမျိုးသမီးပွဲစဉ်တွင် ထားဝယ်ပညာရေးဒီဂရီကောလိပ်အသင်းက ဘိုကလေးပညာရေးဒီဂရီကောလိပ်အသင်းကို သုံးပွဲတစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် လှည်းကူး ပညာရေးဒီဂရီကောလိပ်အသင်းက ပြည်ပညာရေးဒီဂရီကောလိပ်အသင်းကို သုံးပွဲနှစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကာ တတိယရရှိကြသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မကွေးဇုန်အသင်းက မန္တလေးဇုန်အသင်းကို သုံးဂိုးနှစ်ဂိုးဖြင့် လည်းကောင်း၊ မော်လမြိုင်ဇုန်အသင်းက တောင်ကြီးဇုန်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

ညနေပိုင်းတွင် အားကစားမောင်မယ်များသည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်းရှိ ရေကူးကန်နှင့် အားကစားလှုပ်ရှားမှုပြခန်းကို သွားရောက်လေ့လာကြသည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်း(အမျိုးသား) တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကိုလည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်