မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးပေးနိုင်သည့် ခွာနာလျှာနာရောဂါကို ထိန်းချုပ်နိုင်ရေး နေပြည်တော် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ဖော်ဆောင်ပြီးစီး

မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးပေးနိုင်သည့် ခွာနာလျှာနာရောဂါကို ထိန်းချုပ်နိုင်ရေး နေပြည်တော် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ဖော်ဆောင်ပြီးစီး


Ministry of Information/ Naypyitaw / February 21, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခွာနာလျှာနာ ရောဂါထိန်းချုပ်ဇုန် ဖော်ဆောင်ပြီးစီးမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးပေးနိုင်သည့် ခွာနာလျှာနာ ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်များ တိုးချဲ့ဖော်ဆောင်လျက်ရှိသည့်အပြင် တိရစ္ဆာန်ရောဂါများ ထိန်းချုပ်ရေးကိုပါ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အမျိုးသားအဆင့် ခွာနာ လျှာနာရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံကိန်းရေးဆွဲ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်တွင် ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ပတ်သက်သည့် ဇီဝလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ ချမှတ်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံပြီး ပဋိပစ္စည်းထွက်ရှိမှု ၈၄ ရာခိုင်နှုန်းရှိသဖြင့် ကောင်းမွန်၍ ထိရောက်မှုရှိသည် ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ခွာနာလျှာနာရောဂါ လက္ခဏာ စူးစမ်းထောက်လှမ်းခြင်းဆိုင်ရာ လစဉ် တင်ပြမှုတွင် ခွာနာလျှာနာရောဂါ လက္ခဏာဖြစ်ပွား မှုမရှိသဖြင့် နေပြည်တော် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အဖြစ် အတည်ပြုသတ်မှတ်ကြေညာ ခြင်းဖြစ်ကြောင်းနှင့် ဇုန်တည်တံ့ရေးလုပ်ငန်းစဉ် များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုမရှိအောင် ဆောင်ရွက်ပြီး ရောဂါထိန်းချုပ်ဇုန် တည်တံ့ရေး လုပ်ငန်းများနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက် သက်ဆိုင်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် နေပြည်တော်ကောင်စီအနေဖြင့် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေး ညွှန်ကြားရေးမှူးတို့က နေပြည်တော် ခွာနာလျှာနာ ထိန်းချုပ်ဇုန် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်သွယ်ရေးလုပ်ငန်းများ အထောက်အကူပြုစေရန် ၂၀၂၃ ခုနှစ်အထိ ထူထောင်ထားရှိပြီးဖြစ်သည့် “ခွာနာ လျှာနာရောဂါ ကင်းရှင်းသည့်ဇုန်” သုံးဇုန်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခွာနာလျှာနာ ရောဂါကင်းရှင်းဇုန်၊ ရခိုင်ပြည်နယ် မာန်အောင် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်နှင့် ရှမ်းပြည်နယ် ကွတ်ခိုင် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်တို့ ပါဝင် ပြီး “ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်”များ အဖြစ် တနင်္သာရီတိုင်းဒေသကြီး မြိတ် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၂၄ မြို့နယ် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်၊ ရှမ်းပြည်နယ် ကွတ်ခိုင် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာ လျှာနာရောဂါ ထိန်းချုပ်ဇုန်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာခရိုင်နှင့် ပဲခူးခရိုင်များ၌လည်း ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်များ တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်းတွင် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်များ ပေါ်ပေါက်လာ သည်အထိ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်