မြန်မာ - ထိုင်းနှစ်နိုင်ငံ လက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်လာစေရေး ကြိုးပမ်းတည်ဆောက်သွားမည်

မြန်မာ - ထိုင်းနှစ်နိုင်ငံ လက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်လာစေရေး ကြိုးပမ်းတည်ဆောက်သွားမည်


Ministry of Information/ Naypyitaw / February 21, 2023
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၀

(၂၄)ကြိမ်မြောက် မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ယခင်က မူးယစ်ဆေးဝါး ပြဿနာဟုဆိုပါက ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာဖြစ်ခဲ့သော်လည်း ယနေ့တိုးတက်လာသည့် ခေတ်စနစ် အခြေအနေများအရ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး နိုင်ငံတိုင်း ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်နေပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတို့သည် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာပြီး ယင်းပြဿနာကြောင့် နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များအဖြစ် မဲခေါင်အဖွဲ့ဝင်နိုင်ငံ များ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံနားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ လက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အရာရှိများအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ နည်းပညာနှင့် ပစ္စည်း ကိရိယာများ ထောက်ပံ့ကူညီမှုများအပြင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ၌ ကူညီပေးခဲ့မှုများ အတွက်လည်း ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon က မြန်မာ- ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များသည် အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ အတွက် စွမ်းရည်မြှင့်သင်တန်း များ၊ ခေတ်မီနည်းပညာသုံးပစ္စည်းများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေသော အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရန်၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်နိုင်ရန် မကြာခဏ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များက မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ် မှုအခက်အခဲများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် (၂၅) ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်