နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို မန္တလေးမြို့မဟာမြတ်မုနိ ဘုရားကြီး ပိဋကတ်ပြတိုက် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ကြည့်ရှုပြီး မြို့တော်ခန်းမ၌ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို မန္တလေးမြို့မဟာမြတ်မုနိ ဘုရားကြီး ပိဋကတ်ပြတိုက် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ကြည့်ရှုပြီး မြို့တော်ခန်းမ၌ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက်


Ministry of Information/ Naypyitaw / February 21, 2023
image_latest


မန္တလေး ဖေဖော်ဝါရီ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ပိဋကတ်ပြတိုက် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မန္တလေးမြို့မြို့တော်ခန်းမ၌ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်းနှင့် အလယ်တန်းကျောင်း အုပ်ကြီးများနှင့် တွေ့ဆုံကာ အမှတ်တရစာအုပ်များနှင့် လက်ဆွဲအိတ်များ ပေးအပ်သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့်အဖွဲ့သည် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ပိဋကတ်ပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါ ပိဋကတ်ပြတိုက် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းတွင် ပြတိုက်အတွင်း/အပြင် နံရံ၊ မျက်နှာကြက်နှင့် ကျွန်းပါကေးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ဆေးအချောသုတ်ရန်ကျန်ရှိကြောင်း၊ လေအေးပေးစက်နှင့် မီးပိုင်းဆိုင်ရာများတပ်ဆင်ပြီး စမ်းသပ်စစ်ဆေးရန်ကျန်ရှိကြောင်း၊ ပြတိုက်အတွင်းထားရှိမည့် ကျွန်း ဗီရို ၂၁ လုံးအနက် ၁၉ လုံးနှင့် ကျွန်းခုံခြောက်ခုံအနက် လေးခုံပြီးစီး နေသဖြင့် ဆေးသုတ်လုပ်ငန်း ဆောင်ရွက်နေကြောင်း၊ ပြတိုက်အတွင်း ခင်းကျင်းပြသမည့် ပေ၊ ပုရပိုက်၊ ကမ္မဝါ ၃၀ အား စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့်အဖွဲ့သည် မန္တလေးမြို့ မြို့တော်ခန်းမတွင် မြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်/ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း/အလယ်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦမောင်ကိုက အမှာစကားပြောကြားရာ၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်​ရေးကော်မတီတွင် မိမိနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်း တာဝန်ပေးအပ်ထားပါကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်း၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ သင့်တင့်ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ရရှိခဲ့ပြီးဖြစ်ရာ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ကျောင်းများအပ်နှံချိန်တွင် ဆရာ၊ မိဘနှင့် ကျောင်းသား ကျောင်းသူများ ပေါင်းစပ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံ/တက်ရောက်မှု မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်းနှင့် ကျောင်းအပ်နှံရန် ပျက်ကွက်မှုများအပေါ်တွင်လည်း အသေးစိတ်စိစစ်ပြီး သက်မွေးအတတ်ပညာသင်ကျောင်းများသို့ မပျက်မကွက် အပ်နှံသင်ယူ နိုင်ရေး စီမံဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ​ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က နှုတ်ခွန်းဆက်စကားနှင့် ပညာရည် မြင့်မားတိုးတက်ရေးအတွက် မှာကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က နေ့စဉ်မှတ်တမ်းစာအုပ်များနှင့် လက်ဆွဲအိတ်များ ပေးအပ်ရာ တက္ကသိုလ်ကျောင်းများမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများကိုယ်စား ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မိုးသူဇာနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်တို့က ကျေးဇူးတင်စကား ပြောကြားကြပြီးတွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့်အဖွဲ့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဖက်ရည်နှင့်မု့န်များ အတူတကွ သုံးဆောင်ခဲ့ကြသည်။

 သတင်းစဉ်