ဒေသအား၊ ပြည်တွင်းအားဖြင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်

ဒေသအား၊ ပြည်တွင်းအားဖြင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်


Ministry of Information/ Naypyitaw / May 16, 2023
image_latest


အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်စပ်လျဉ်း၍ လေဖိအားနည်း ရပ်ဝန်းမဖြစ်ပေါ်သေးမီကပင် ကြိုတင်ခန့်မှန်းမှုများပြုလုပ်ကာ မျက်ခြည်မပြတ်စောင့်ကြည့်မှုများ၊ ကြိုတင်သတိပေး ပြင်ဆင်ရွှေ့ပြောင်းမှုများ ပြုလုပ်နိုင်ခဲ့သဖြင့် အဖျက်စွမ်းအား ကြီးမားလှသည့် မုန်တိုင်းကြီးတိုက်ခတ်သွားမှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ လွန်စွာနည်းပါးလှခြင်းဖြစ်သည်။ သို့ရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားသည့်အလျောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေအား၊ လူအားတို့လိုအပ်သည်။ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက မည်သည့်တိုက်တွန်းမှုမှမပါဘဲ အလှူငွေ များ အားတက်သရောလှူဒါန်းလာကြရာ စုစုပေါင်းအလှူငွေ ကျပ် သိန်းပေါင်း ၁၃၁၈၁၀ သိန်း (၁၃ ဘီလီယံ) ကျော်ရရှိခဲ့ပြီး ယင်းအနက်မှ ခုနစ်ဘီလီယံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လိုက်ပြီဖြစ်သည်။ ကျန်ခြောက်ဘီလီယံကျော်ကို မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသော အခြားဒေသများသို့ပါ ခွဲဝေလှူဒါန်းသွားမည်ဟု သိရသည်။

ပြန်လည်ထူထောင်ရေး ဦးစားပေးလုပ်ငန်းများအဖြစ် လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပြန်လည်ကောင်းမွန်ရေးနှင့် မကြာမီဖွင့်လှစ်ရတော့မည့် အခြေခံပညာအထက်တန်း ကျောင်းများ ဦးစားပေးပြုပြင်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်စပ်လျဉ်း၍ “လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မည် ဆိုပါက အမြန်ဆုံးမူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသားအားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ဖြင့်လည်း မှာကြားခဲ့သည်။

ကြီးမားသည့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများအတွက် လတ်တလောလိုအပ်ချက်များဖြစ်သည့် စားသောက်ဖွယ်ရာများ၊ ရေသန့်နှင့်လူသုံးကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ သွပ်၊ သံတို့အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းများနှင့် ငွေအား၊ လုပ်အားတို့ကို လိုအပ်သည့် ဒေသများနှင့် မုန်တိုင်းဒဏ်ခံ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးတို့ထံ ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် စေတနာသဒ္ဓါထက်သန်စွာ လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။