တည်ငြိမ်အေးချမ်းသာယာဝပြောမှုကိုရှေးရှု တိုင်းပြည်ဖွံ့ဖြိုးရေး ပူးပေါင်းပါဝင်

တည်ငြိမ်အေးချမ်းသာယာဝပြောမှုကိုရှေးရှု တိုင်းပြည်ဖွံ့ဖြိုးရေး ပူးပေါင်းပါဝင်


Ministry of Information/ Naypyitaw / February 21, 2023
image_latest


မြန်မာနိုင်ငံသည် နှစ်လိုဖွယ်ရာကောင်းသော သဘာဝပတ်ဝန်းကျင်နှင့် သင့်တင့်မျှတသော ရာသီဥတုကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ အရောင်အသွေးစုံလင်လှသော တိုင်းရင်းသားလူမျိုးစုများသည် သာယာလှပကောင်းမွန်မျှတသည့် ဒေသအသီးသီးတွင် ရှေးပဝေသဏီကတည်းက အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ သာယာလှပသည့် ပြည်နယ်ဝန်းကျင်တစ်ခွင် ငြိမ်းချမ်းမှုအပေါင်းနှင့် ထုံမွှမ်းထားလျှင် ဖွံ့ဖြိုးဝေဆာသည့် ဒေသတစ်ခုအဖြစ် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသလို ဒေသခံတိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း မိမိတို့ဒေသ အေးချမ်းသာယာ ဝပြောရမည်ဟူသည့်ခံယူချက်ဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်မှသာ မျှော်မှန်းသည့်အတိုင်း အကောင်အထည် ပေါ်လာမည်ဖြစ်သည်။ သာဓကအားဖြင့် ချင်းပြည်နယ်သည် မြင့်မားသော တောင်တန်းများကြားတွင် တောင်ဇလပ်ပန်းများ အမြဲတစေပွင့်လန်းဝေဆာပြီး အေးချမ်းသာယာကာ တင့်တယ်လှပသည့်ပြည်နယ်ဖြစ်သည်။ ချင်းတိုင်းရင်းသားတို့သည် စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲနေထိုင်ကြပြီး ပြည်ထောင်စုကြီး အပေါ်ကျရောက်လာသည့် အန္တရာယ်ရန်စွယ်များကို မျိုးချစ်စိတ်ဓာတ်ဖြင့် လက်တွဲတွန်းလှန်ခဲ့ကြသည်။

သို့သော် လက်ရှိအချိန်အခါတွင် ချင်းပြည်နယ်ဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုကိုဖျက်ဆီးခြင်းသည် မိမိဒေသကို မိမိကိုယ်တိုင် ပြန်လည်ဖျက်ဆီးနေ ခြင်းဖြစ်သည်။ ပင်ကိုအားဖြင့် အေးချမ်းစွာနေထိုင်တတ်သော တိုင်းရင်းသား ပြည်သူများကြားတွင် အဖျက်အမှောင့်ပယောဂများ ပူးကပ်စိမ့်ဝင်ပျံ့နှံ့စေခဲ့သည်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်နေမည်၊ ဖွံ့ဖြိုးတိုးတက်နေမည်ကို မလိုလားသော ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ နိုင်ငံ့အကျိုးကိုပစ်ပယ်၍ အာဏာရရှိရေးနှင့်ကိုယ်ကျိုးအတ္တရှေ့တန်းတင်ပြီး အလုံးစုံပျက်စီးရေးကို ပြုလုပ်နေသူများကြောင့် သာယာလှပသည့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း သာယာဝပြောရေးမှာ အလှမ်းဝေးနေသည်။

ထိုသို့ ပြည်ထောင်စုကြီးအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုကို ပျက်စီးစေသည့် အကြောင်းရင်းအမှန်တရားကို သိရှိနားလည်သဘောပေါက်ပြီး ပြည်ထောင်စုကြီးပြိုကွဲအောင် ဖန်တီးလုပ်ဆောင်နေသူများ၊ အဖျက်အမှောင့် ပယောဂများကို ကြံစည်နေသူများ၊ ပြည်နယ် တည်ငြိမ်အေးချမ်းသာယာဝပြောမှုကို ဖျက်ဆီးနေသူများအား သတိမူကြပြီး ဝိုင်းဝန်းတိုက်ဖျက်ကြကာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှုအတွက် အရေးကြီးသည့်အချက်များဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ ပုံမှန်အခြေအနေသို့ရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးအတွက် ရှေ့ဆက်ရမည့်လုပ်ငန်းတာဝန်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ယူထားရသည့် သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၁၂)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်။ ပြည်တွင်း/ပြည်ပ ငြိမ်းချမ်းသာယာဝပြောမှုကို ရှေးရှုဆောင်ရွက်နေသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာနှင့်လည်း မိတ်ဝတ်မပျက် ခင်မင်ရင်းနှီးစွာဆက်ဆံလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေခြင်းသည် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန် ရှေးရှုဆောင်ရွက်နေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းတို့က စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည်ဟုခံယူပြီး ယင်းကိုအလေးထားကြိုးပမ်း ဆောင်ရွက်နေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။