မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ သံရုံးယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံ


Ministry of Foreign Affairs/ Nay Pyi Taw / February 06, 2020


နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံရုံးယာယီတာဝန်ခံ Mr. Javed Khan အား ၆-၂-၂၀၂၀ ရက်၊ ၁၄၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က မြန်မာဘက်အနေဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်မှ သီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် မူဆလင်များကို ဖယ်ထုတ်ထားပြီး လူမျိုးပြုန်းတီးမှုများ ကျူးလွန်နေသည့် သဘောမျိုး ရည်ညွှန်းပြောကြားခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၌ ယင်းသို့သော ကျူးလွန်မှုများ လုံးဝမရှိဟု ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှုအပေါ် အပြုသဘောမဆောင်သည့် ယင်းသို့သော ပြောဆိုမှုမျိုးကို ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ နိုင်ငံသားလျှောက်ထားခွင့်ကို တားမြစ်ပိတ်ပင်ထားခြင်း မရှိကြောင်းနှင့် ယင်းဥပဒေနှင့် ညီညွတ်ပါက မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးဖြစ်စေ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။