One Shop Step(OSS)
One Shop Step(OSS)
ပြည်ထဲရေးဝန်ကြီးဌာန / April 09, 2018
One Stop Shops (OSS)
One Stop Shops (OSS)ရုံးများ ဖွဲ့စည်းတည်ထောင် ဖွင့်လှစ်ဆောင်ရွက်နိုင်မှု အခြေအနေ
၁။ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှုအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန် အလှန်ထိန်းကျောင်းမှုများပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ “ပြည်သူ့အတွက် OSS” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)များ ထူထောင် ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ယခင်အစိုးရလက်ထက်ကတည်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၉၅၉/ ၂၅၂- ကော်မတီ/ အဖရ (၂၀၁၅) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဥက္ကဌ အဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ် လည်းကောင်း အဖွဲ့ဝင်(၁၄)ဦးပါဝင်ပြီး စုစုပေါင်း(၁၆)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။
၂။ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် (OSS)ရုံးများထူထောင်ဖွင့်လှစ် အကောင်အထည် ဖော်ရေးဆပ်ကော်မတီကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၁-၈-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၁၅၀၈/၂၅၃-ကော်မတီ/အဖရ(၂၀၁၅)ဖြင့် ခွင့်ပြုပြီးဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် များတွင် ဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ One Stop Shops (OSS)ရုံးများ ထူထောင်ဖွင့်လှစ်အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီအား ဖျက်သိမ်းမှုမရှိ၍ ဆက်လက်တည်ရှိနေပြီး ပြည်သူတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် One Stop Shops(OSS)ရုံးများ ထူထောင်ဖွင့်လှစ် အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီတွင် ဆက်စပ်ပါဝင်ရမည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်နိုင်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဌနှင့် အဖွဲ့ဝင်များအား လက်ရှိအခြေအနေနှင့်အညီ တာဝန်ပေးအပ်နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီမှ(၃၀-၆-၂၀၁၆) ရက်စွဲပါစာအမှတ်၊ တိုင်းရင်းသား- ကော်မတီ/၂၀၁၆(၀၀၆၈)ဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
၄။ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ခွင့်ပြုမှုဖြင့် One Stop Shops (OSS)ရုံးများ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ (၂၃-၈-၂၀၁၆)ရက်စွဲပါစာအမှတ်၊ ၉၆၂/၁၁၅-ကော်မတီ/အဖရ(၂၀၁၆)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဥက္ကဌအဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်(၁၃)ဦးပါဝင်ပြီး စုစုပေါင်း(၁၅)ဦးဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၅။ ပြည်သူတို့၏အခြေခံလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၄-၇-၂၀၁၅) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ခရိုင်ရုံးစိုက်ရာ မြို့နယ်(၇၂)မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)များကို(၇-၇-၂၀၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယအဆင့်အနေဖြင့် ကျန်မြို့နယ်များ၌လည်း (၁၂-၁၀-၂၀၁၅)ရက်နေ့မှစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ရာ နယ်မြေအခြေအနေနှင့် ဒေသအနေအထားအရ မဖွင့်လှစ်နိုင်သည့်ရုံး(၁၄)ရုံးမှအပ မြို့နယ်ပေါင်း(၃၃၀)တွင် (၃၁၆)ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။
၆။ ပြည်သူများအတွက် အချိန်ကုန်သက်သာပြီး ဌာနဆိုင်ရာများနှင့်လွယ်ကူစွာ ဆက်ဆံဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများမှ တာဝန်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို တစ်နေရာတည်းတွင် စုပေါင်းဖွင့်လှစ် ထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံးများ၌ ရှေ့ပြေးအစီအစဉ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းစသည့် ဌာန(၇)ခုဖြင့် စတင်ခဲ့ပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်နှင့် တောင်းဆိုချက်များအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနစသည့် ဌာန(၈)ခုတို့ကို ထပ်မံထည့်သွင်း၍ ယခုအခါ စုစုပေါင်း ဌာန(၁၅)ခုဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါသည်။
၇။ ပြည်သူ့ဝန်ဆောင်မှုရုံးများ၌ အဓိကအားဖြင့် စားသောက်ဆိုင်၊ ပုဂ္ဂလိကအိမ်ဆိုင် လုပ်ငန်းလိုင်စင်များ၊ ယစ်မျိုးလိုင်စင်ချထားခြင်းနှင့် အခွန်လေးမျိုးကောက်ခံခြင်း၊ မြေစာရင်း ပုံစံ(၁၀၅) ရေးကူးခွင့်ကိစ္စများ၊ မြေငှား ဂရန်လျှောက်ထားခြင်းကိစ္စရပ်များ၊ ဘိလိယက် ခုံလိုင်စင်ထုတ်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲအတွက် ပွဲမိန့်လျှောက်ထား ခြင်းကိစ္စရပ်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားခြင်းကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ ပြောင်းဝင်/ ထွက်ကိစ္စနှင့်မွေးဖွားမှု၊ သေဆုံးမှုမှတ်ပုံတင်ရေး ကိစ္စရပ်များ၊ ပထမသတင်းပေးတိုင်ကြားချက်များ၊ မီးဘေး လုံခြုံရေးကိစ္စရပ်များ၊ စည်ပင်နှင့်ပတ်သက်သော ရေ၊ မီး၊ မိလ္လာသန့်ရှင်းရေးကိစ္စရပ်များ၊ သစ်တောနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ လူမှုဖူလုံရေး၊ အလုပ်သမား၊ အလုပ်အကိုင်ကိစ္စရပ်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ဆောင်မှုလာရောက်ရယူသူ ပြည်သူများအား ချက်ချင်းဆောင်ရွက် ပေးနိုင်သည်များကို ချက်ခြင်းဆောင်ရွက်ပေးခြင်း၊ ချက်ခြင်းဝန်ဆောင်မှုမပေးနိုင်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်းများအား အသိပေး ရှင်းလင်းခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာဌာနများသို့ ညွှန်ပြပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။ ဒေသခံပြည်သူများ၏ ရင်တွင်းစကားများ၊ ဆန္ဒများ၊ အကြံပြုချက်များ၊ တိုင်တန်းချက်များကို တင်ပြခွင့်ရရှိပြီး ပွင့်လင်း မြင်သာစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူ့ ဝန်ဆောင်မှုရုံးများတွင် Complain Centreများ ထည့်သွင်း ဖွင့်လှစ်ထားရှိပြီး အကြံပြုချက်၊ တိုင်တန်းချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
၈။ နိုင်ငံတော်အစိုးရ၏ ပထမရက်(၁၀၀)စီမံချက်တွင်လည်း ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် “ ပြည်သူ့အတွက် OSS ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
၉။ ပြည်သူ့ဝန်ဆောင်မှုရုံးများ စတင်ဖွင့်လှစ်သည့်ချိန်မှ ၃၁-၃-၂၀၁၇ ရက်နေ့အထိ ကချင်ပြည်နယ်တွင် (၅၁၂၅၇)ခု၊ ကယားပြည်နယ်တွင်(၆၇၉၃)ခု၊ ကရင်ပြည်နယ်တွင် (၅၇၆၅၅)ခု၊ ချင်းပြည်နယ်တွင်(၁၉၁၆၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်(၁၇၄၄၃၃)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၆၅၀၆၈)ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၆၉၃၄၈)ခု၊ မကွေးတိုင်းဒေသကြီးတွင် (၇၄၈၀၇)ခု၊ မန္တလေးတိုင်းဒေသကြီးတွင်(၁၃၃၄၄၆)ခု၊ မွန်ပြည်နယ်တွင် (၁၈၀၈၄၄)ခု၊ ရခိုင်ပြည်နယ်တွင်(၄၆၃၇၅)ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၁၄၈၃၃၄)ခု၊ ရှမ်းပြည်နယ်တွင် (၆၆၃၄၉၅)ခု၊ ဧရာဝတီးတိုင်းဒေသကြီးတွင် (၈၅၇၃၀)ခု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်(၃၆၁၃၆)ခု စုစုပေါင်း(၁၈၁၂၈၈၄)ခုအား ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်ပါသည်။
၁၀။ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ လိုအပ်ချက်အမျိုးမျိုးကိုရိုးရှင်းလွယ်ကူစွာ ဖြေရှင်းဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုရုံးများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြည်သူများအနေဖြင့် မိမိတို့ရယူလိုသော ဝန်ဆောင်မှုကိစ္စရပ်များကို ဌာနဆိုင်ရာအသီးသီးတွင် အချိန်ကုန်၊ ငွေကုန်ခံ၍ သွားရောက်ဆောင်ရွက်ရန် မလိုတော့ဘဲ OSS ရုံးတစ်ခုတည်း၊ တစ်ရုံးတည်းတွင် အချိန်ကုန်၊ ငွေကုန်သက်သာစွာဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်းနှင့် ဝန်ထုပ်ဝန်ပိုးများကိုလျှော့ချ၍ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူတို့၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက် ရှိပါသည်။
တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အတွင်း ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များ၌ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများစာရင်း
ပြည်ထဲရေးဝန်ကြီးဌာန
၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(က) မြေယာထောက်ခံချက်နှင့် မြေငှားဂရန်လျှောက်ထားရန် ထောက်ခံချက်ပေးခြင်း၊
(ခ) ကျောင်းတက်ရန် လိုအပ်သောထောက်ခံချက်၊ သင်တန်းတက်ရန်လိုအပ်သော ထောက်ခံချက်၊ လုပ်ငန်းလိုင်စင် (အထွေထွေ)လျှောက်ထားခြင်း၊
(ဂ ) ဘိလိယက်ခုံလိုင်စင်လျှောက်ထားခြင်း၊
(ဃ) မွေးစာရင်းပြုလုပ်ရန် ထောက်ခံချက်၊
(င ) ဗီဒီယိုခွေငှား/ ဖြန့်ချီ/ ပြသ/ ရိုက်ကူး/ တေးသံသွင်းလိုင်စင် လျှောက်ထားခြင်း၊
(စ ) ပွဲမိန့်ထုတ်ပေးခြင်း၊
(ဆ) ပုံစံ(၁၀)အသစ်ပြုလုပ်ရန် လိုအပ်သော ထောက်ခံချက်ပေးခြင်း၊
(ဇ ) အိမ်ထောင်စု ပြောင်းဝင်/ ပြောင်းထွက် ထောက်ခံချက်ပေးခြင်း၊ အိမ်ထောင်စုမူရင်း/အသစ်ပြုလုပ်ရန် ထောက်ခံချက်ပေးခြင်း၊
(ဈ ) နှစ်လွန်ပင်စင်နှင့် ပင်စင်ကိစ္စရပ်များ ထောက်ခံချက်ပြုလုပ်ပေးခြင်း၊
(ည) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်ပေးခြင်း၊
(ဋ ) မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယာဉ်လိုင်စင်များ ထုတ်ပေးခြင်း၊
(ဌ ) ယာဉ်စီးခနှုန်းထားများ ဒေသစရိတ်မှန်ကန်ကြောင်း ထောက်ခံချက်ပေးခြင်း၊
(ဍ ) ပညာရေးဌာနမှ အမှုတွဲတင်ပြလာသည့် ကျောင်းဆောင်သစ်တိုးချဲ့ခြင်း၊ ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ ကျောင်းပြင်/ထိန်း လုပ်ငန်းများအား ထပ်ဆင့်ထောက်ခံပေးခြင်း၊
(ဎ ) ဘွဲ့ထူးဂုဏ်ထူးဆိုင်ရာထောက်ခံချက်များထုတ်ပေးခြင်း၊
(ဏ) တိုင်စာ/ပစ်စာများ လက်ခံ၍ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊
(တ) အခွန်(၄)မျိုး စည်းကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ထ) အသင်းအဖွဲ့မှတ်ပုံတင် လျှောက်ထားမှုအား လက်ခံဆောင်ရွက်ပေးခြင်း၊
(ဒ ) ယစ်မျိုးလိုင်စင် အမည်/ လိပ်စာ/ လိုင်စင်ပြောင်း လျှောက်လွှာများ လက်ခံ ဆောင်ရွက်ပေးခြင်း၊
(ဓ ) အထွေထွေထောက်ခံချက်။
၁။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
(က) အလုပ်လျှောက်ရန် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ပေးခြင်း၊
(ခ ) နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး/ ပျက်စီးမှုအတွက် ထောက်ခံချက် ပေးခြင်း၊
(ဂ ) နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရန်လိုအပ်သော ထောက်ခံချက်ပေးခြင်း၊
(ဃ) အိမ်ထောင်စုပုံစံ(၆၆/၆) (၅)ဦးကော်မတီထောက်ခံချက်များ ထုတ်ပေးခြင်း၊
(င ) ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည့်မေးမြန်းချက်များအား ရှင်းလင်းပြောကြားခြင်း၊ မှုခင်းနှင့် ပတ်သက်၍ သတင်းလက်ခံခြင်း၊ အကြံပြုဆွေးနွေးပေးခြင်း၊
(စ ) လုံခြုံရေးဆိုင်ရာကိစ္စရပ်များတောင်းခံပါက ဆောင်ရွက်ပေးခြင်း၊
(ဆ) ရဲတပ်သားသစ်များ လက်ခံဆောင်ရွက်ပေးခြင်း၊
(ဇ ) တိုင်ကြားမှုများအား အရေးယူဆောင်ရွက်ပေးခြင်း၊
(ဈ) ပြစ်မှုကျူးလွန်သူများ၊ မသင်္ကာသူများအား အလျင်အမြန် ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊
(ည) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဝန်ဆောင်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အလျင်အမြန်ဆောင်ရွက်ပေးခြင်း၊
(ဋ ) ရဲအရေးမပိုင်သောအမှုများအား တရားရုံးသို့တိုက်ရိုက် တိုင်ကြားနိုင်ရေး ဆောင်ရွက်ပေးခြင်း၊
(ဌ ) ပွဲမိန့်များနှင့်ပတ်သက်၍ ထောက်ခံချက်ဆောင်ရွက်ပေးခြင်း၊
(ဍ ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ဆောင်ရွက်ပေးခြင်း၊
(ဎ ) မှုခင်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောခြင်း၊
(ဏ) မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နှင်းခြင်း၊
(တ) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ လုပ်ကိုင်ခြင်းအား စစ်ဆေးအကြံပြု ထောက်ခံချက်ပေးခြင်း၊
(ထ) မော်တော်ယာဉ်၊ မီးရထား၊ လေယာဉ်၊ သင်္ဘော၊ စက်တပ်ရေယာဉ်များအား စစ်ဆေးအကြံပြု ထောက်ခံချက်ပေးခြင်း၊
(ဒ ) အထွေထွေထောက်ခံချက်။
၃။ မီးသတ်ဦးစီးဌာန
ချက်ချင်းဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ
(က) မီးလောင်မှုတိုင်ကြားခြင်းအား ချက်ခြင်းဆောင်ရွက်ပေးခြင်း၊
(ခ ) မီးဘေးအန္တရာယ်စိုးရိမ်ရမှု တိုင်ကြားခြင်းအား စိစစ်ပေးခြင်း၊
(ဂ ) ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အကူအညီ တောင်းခံခြင်း/ သတင်းပို့ခြင်း၊
(ဃ) မီးသတ်တပ်ဖွဲ့တပ်သားသစ် လျှောက်လွှာပုံစံ ထုတ်ပေးခြင်း၊
(င ) အများပြည်သူနှင့်ဆိုင်သောနေရာ သောက်သုံးရေပြတ်လပ်ပါက ပံ့ပိုးကူညီ ပေးခြင်း၊
(စ ) ပြည်သူများအရေးပေါ် အခက်အခဲကြုံတွေ့ပါက ကူညီဆောင်ရွက်ပေးခြင်း၊
(ဥပမာ- သွေးလိုအပ်ခြင်း၊ လူနာတင်ယာဉ်၊ အကျဉ်းအကြပ်အတွင်း ပိတ်မိနေခြင်း)
နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ
(က) ပွဲမိန့်ထောက်ခံချက်ပေးခြင်း၊
(ခ ) မြေယာအသုံးပြုမှုဆိုင်ရာ သဘောထားမှတ်ချက် ပေးခြင်း၊
(ဂ ) လုပ်ငန်းလိုင်စင်ဟောင်းသက်တမ်းတိုးခြင်း၊
(ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီ/ပြည်နယ် အစိုးရအဖွဲ့သို့ ဟိုတယ်လုပ်ငန်း လိုင်စင်လျှောက်ထားရန် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ သဘောထားမှတ်ချက် တောင်းခံခြင်း၊
(င) မီးလောင်မှုဖြစ်စဉ်မှန်ကန်ကြောင်း သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်ထုတ် ပေးခြင်း။
(၃)ရက်အတွင်း ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ
(က) မီးဘေးလုံခြုံရေးအတွက် လက်တွေ့သရုပ်ပြခြင်း၊ ဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေး ခြင်း၊ သာမန်စစ်ဆေးခြင်း၊
(ခ ) ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်။
တစ်ပတ်အတွင်းဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ
(က) လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားမှုများအတွက် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်တောင်းခံခြင်း၊
(ခ ) သက်ဆိုင်ရာလုပ်ငန်းအလိုက် မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ သရုပ်ပြခြင်း၊
(ဂ) မီးဘေးလုံခြုံရေးအတွက် လက်တွေ့သရုပ်ပြခြင်း၊ ဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ (နည်းပညာအဆင့်မြင့် စစ်ဆေးခြင်း)
(ဃ) အဆောက်အဦသစ်များဆောက်လုပ်ရာတွင် လိုအပ်သောမီးဘေးလုံခြုံရေး အကြံပြုချက်ပေးခြင်း၊
(င ) အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက်ပေးခြင်း။
နှစ်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ
(က) အဆောက်အဦသစ်များဆောက်လုပ်ရာတွင် လိုအပ်သောမီးဘေးလုံခြုံရေး အကြံပြုချက်ပေးခြင်း၊
(ခ ) အဆောက်အဦဆောက်လုပ်ပြီးချိန် မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် (First Safety Certificate)။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၁။ စိုက်ပျိုးရေးဦးစီးဌာန
(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ ထောက်ခံချက်များ ကူညီဆောင်ရွက်ပေးခြင်း၊
(ခ ) ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ရောင်းဝယ်ရေးလိုင်စင်များ စိစစ်ထောက် ခံခြင်း၊
(ဂ) သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ပွားများခြင်းနှင့် နည်းပညာပံ့ပိုးခြင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့ ထုတ်လုပ်သူ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့များ အား အားပေးကူညီခြင်း၊
(ဃ) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)အား တောင်သူများ လိုက်နာကျင့်သုံးမှုတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးပညာပေး လုပ်ငန်းကို ထိ ရောက်စွာဆောင်ရွက်ခြင်း။
၂။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
(က) မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးဆွဲခြင်း၊ ပုံစံ(၁၀၇)ရေးဆွဲ ပေးခြင်း၊
(ခ) ကျန်လုပ်ငန်းများအား လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်လျှောက်လွှာ များကို OSS ရုံးမှ လက်ခံဆောင်ရွက်ပေးခြင်းလုပ်ငန်း။
၃။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
(က) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊
(ခ ) အများပြည်သူများစားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်များ၏ ကျန်းမာရေး စစ်ဆေးခြင်း၊
(ဂ ) တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံ ချက်များထုတ်ပေးခြင်း (အဆင့်မြင့်တိရစ္ဆာန် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းရှိသည့် မြို့များ ၌သာ)
(ဃ) တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်း၊
(င ) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်း။
၄။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
(က) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တွက်ချက်မှုများ ဆောင်ရွက် ပေးခြင်း၊
(ခ ) လုပ်ငန်းများအပေါ်သဘောထားမှတ်ချက် ဆောင်ရွက်ပေးခြင်း၊
(ဂ) ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်း ပေါင်းစပ်ပေးခြင်း၊
(ဃ) မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးပေးခြင်း၊ ကြီးကြပ်ကွပ်ကဲပေးခြင်း၊ အရေးယူဆောင်ရွက်ပေးခြင်း၊
(င) ကျေးလက် လမ်း/တံတားများနှင့် ပတ်သက်၍ လိုအပ်သလိုဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းပေါင်းစပ် ပေးခြင်း၊
(စ) ကျေးရွာမီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းပေါင်းစပ် ပေးခြင်း၊
(ဆ) ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် သင်တန်းများပို့ချခြင်း၊ ဘဏ္ဍာ ရေးအရင်းအမြစ်များ နှင့်ချိတ်ဆက်ပေးခြင်း၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ချိတ်ဆက်ပေးခြင်း၊
(ဇ) ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် ပေးခြင်း။
၅။ ငါးလုပ်ငန်းဦးစီးဌာန
(က) ကမ်းနီးငါးဖမ်း/ငါးသယ်လိုင်စင် ပြုလုပ်ဆောင်ရွက်ပေးခြင်း၊
(ခ ) ရေလုပ်သားမှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ပေးခြင်း၊
(ဂ ) ရေထွက်ပစ္စည်း ပြုပြင်စက်ရုံလိုင်စင် ပြုလုပ်ဆောင်ရွက်ပေးခြင်း၊
(ဃ) ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင် ပြုလုပ်ဆောင်ရွက်ပေးခြင်း၊
(င ) ငါးမွေးမြူခြင်းလိုင်စင် ပြုလုပ်ဆောင်ရွက်ပေးခြင်း၊
(စ ) ငါးလုပ်ငန်းဆိုင်ရာအငြင်းပွားမှုနှင့် တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက် ပေးခြင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာန
(က) အသေးစားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုအပေါ် အခွန်ကောက်ခံခြင်း၊
(ခ ) ပုဂ္ဂလိကစိုက်ခင်း မြေငှားရမ်းခကောက်ခံခြင်း၊
(ဂ ) ရွှေနှင့်သတ္ထုအမျိုးမျိုး တူးဖော်ခြင်းမြေငှားရမ်းခ ကောက်ခံခြင်း၊
(ဃ) သစ်စက်လိုင်စင်အခွန်ကောက်ခံခြင်း၊
(င ) လက်ကိုင်စက်လွှလိုင်စင် အခွန်ကောက်ခံခြင်း၊
(စ ) ပရိဘောဂနှင့် သစ်တောထွက်ပစ္စည်းအရောင်းလိုင်စင်အခွန် ကောက်ခံခြင်း၊
(ဆ) ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ဆောင်ရွက်ခွင့်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးဆောင်ရွက် ခြင်း၊
(ဇ ) ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခွင့်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်း သတ်မှတ်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊
(ဈ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပြည်သူများပူးပေါင်း ဆောင်ရွက်လာစေရေး အသိပညာပေး နိုင်ရန် ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခြင်း၊
(ည) မိုးရာသီလူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းအတွက် သတ်မှတ်ချက်နှင့်အညီ ပျိုးပင်ဖြန့် ဝေရန် ခွင့်ပြုဆောင်ရွက်ခြင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး
(က) လျှပ်စစ်မီတာလျှောက်လွှာများ ထုတ်ပေးခြင်း၊ မီတာလျှောက်လာမှုအပေါ် ထောက်ခံချက်ပေးခြင်း၊ မီတာတပ်ဆင်မှု လုပ်ငန်းဆောင်ရွက်ခြင်း၊
(ခ) ထရန်စဖော်မာများ လျှောက်ထားခြင်းအတွက် သတ်မှတ်ချက်များနှင့် ပြည့်စုံမှု ရှိ/မရှိ စိစစ်ပေးခြင်း၊ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် သတ်မှတ်ငွေများ ပေးသွင်းနိုင်ရေး ဆောင်ရွက် ပေးခြင်း၊
(ဂ ) ကျေးရွာမီးလင်းရေးဆိုင်ရာ အမှုတွဲများလက်ခံပေးခြင်း၊
(ဃ) မီးပျက်/မီးပြင် တိုင်ကြားမှုချက်ချင်းဆောင်ရွက်ပေးခြင်း၊
(င) လျှပ်စစ်ဓာတ်အားခကောက်ခံမှု အဆင်ပြေစေရေးအတွက် အိမ်တိုင်ရာရောက် ကောက်ခံမှုစနစ် ကျင့်သုံးခြင်း၊
(စ ) ဓာတ်အားသုံးစွဲသူ ပြည်သူများသိရှိလိုသည့် ကိစ္စရပ်များအား အကြံပြုဆွေးနွေး ဖြေရှင်းပေးခြင်း၊
(ဆ) လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သော နည်းပညာ အကူ အညီများ အကြံပြုဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးခြင်း၊
(ဇ ) ပွဲမိန့်ထောက်ခံချက်များ ဆောင်ရွက်ပေးခြင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၁။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေသူများအား အလုပ်သမား မှတ်ပုံတင်ပြုလုပ် ပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အခြားလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသည်။
၂။ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
(က) အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ လုပ်ငန်းများဖြစ်သော လူဦးရေတိုးခြင်း/လျှော့ခြင်း၊ အိမ်ထောင်စုအလိုက် ပြောင်းဝင်ခြင်း/ ပြောင်းထွက်ခြင်း၊ သီးခြား အိမ်ထောင်စုခွဲထွက်ခြင်း စသည့်လုပ်ငန်း များနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ရုံးများသို့သွားရောက်မဆောင်ရွက်မီ လိုအပ်သောလျှောက်လွှာ၊ ပါရှိရမည့် အထောက်အထားများ ပြည့်စုံစွာပါရှိရေး စိစစ်လမ်းညွှန်ခြင်း၊
(ခ) မြန်မာနိုင်ငံသားဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားမှုများတွင် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်မဆောင်ရွက်မီ လိုအပ်သောရှေ့ပြေးလျှောက်လွှာနှင့် မျိုးရိုး စဉ် ဆက်ဇယား ဖြည့်သွင်းပေးခြင်း၊ လျှောက်ထားမှုတွင် လိုအပ်သောအထောက်အထားမူရင်းနှင့် မိတ္တူများအားလုံး ပြည့်စုံစွာစိစစ် ဆောင်ရွက်ပေးခြင်း၊
(ဂ) မြို့နယ်ရုံးတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထုအား လိုအပ်သော လုပ်ငန်းလမ်းညွှန်မှုများ ဆောင်ရွက်ပေးခြင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန
(က) ကျန်းမာကြောင်း ထောက်ခံချက်ပေးခြင်း၊
(ခ ) မွေး/သေ စာရင်းပြုလုပ်ပေးခြင်း၊
(ဂ ) သင်္ချိုင်းလက်မှတ်ပြုလုပ်ပေးခြင်း၊
(ဃ) မှတ်ပုံတင်ပြုလုပ်ရန်အတွက် (၅)ဦးကော်မတီထောက်ခံချက်ပေးခြင်း၊
(င ) နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရန်အတွက်ဆေးထောက်ခံချက်ပေးခြင်း၊
(စ ) အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)(၅)ဦး ကော်မတီထောက်ခံချက်များ ထုတ်ပေးခြင်း၊
(ဆ ) ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား စောင့်ရှောက်ရေး အသိ ပညာပေးဆွေးနွေးခြင်း၊
(ဇ ) သတင်းပေးစနစ် (ကျန်းမာရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ) ဆောင်ရွက်ပေးခြင်း၊
(ဈ ) မွေးသက္ကရာဇ်အတွက် ကျမ်းကျိန်လွှာအား ထပ်ဆင့်ထောက်ခံချက်ပေးခြင်း၊
(ည) ပွဲမိန့်ထောက်ခံချက်ထုတ်ပေးခြင်း၊
(ဋ ) သက်တမ်းတိုးဆေးလိုင်စင် ထုတ်ပေးခြင်း၊
(ဌ ) စက်မှုလုပ်ငန်းဆိုင်ရာ ကျန်းမာရေးထောက်ခံချက်၊
(ဍ ) ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် အခက်အခဲများရှိပါက ချက်ခြင်းဆောင်ရွက်ပေးခြင်း၊
(ဎ) သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများဖြစ်ပွားလျှင် တုံ့ပြန်ဆောင်ရွက်မည့် အဖွဲ့ များအား ဆက်သွယ်ဆောင်ရွက်ပေးခြင်း။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
၁။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန
(က) ဒေသန္တရစီမံကိန်းအရ ဒေသဖွံ့ဖြိုးမှုဆောင်ရွက်ရန် တင်ပြချက်များအပေါ် စိစစ်သုံးသပ်အကြံပြုခြင်း (မြို့နယ်အဆင့်ဖြစ်သည့် မြို့နယ်စီမံကိန်းဦးစီးရုံး များသည် Policy Maker များ၏ ပြောင်းလဲ နေသော Policy များကို အချိန်နှင့်တစ်ပြေးညီလက်လှမ်းမီရန်ခက်ခဲသဖြင့် ဒေသဖွံ့ဖြိုးမှု ဆောင်ရွက်ရန် တင်ပြချက်များအပေါ်မှာသာ စိစစ်သုံးသပ်အကြံပြုသွားမည် ဖြစ်ပါသည်။)
(ခ ) ဂျီဒီပီစာရင်းပြုစုပေးခြင်း။
၂။ ပြည်တွင်းအခွန်များဦးစီးဌာန
(က) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်ဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဖြေကြားခြင်း၊
(ခ ) ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ဆိုင်ရာမေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခြင်း၊
(ဂ ) တရားရုံးသုံးနှင့် တရားရုံးသုံးမဟုတ်သော တန်ဖိုးနည်းတံဆိပ်ခေါင်းများ ရောင်းချခြင်း၊
(ဃ) ဝင်ငွေကြော်ငြာလွှာ/ နှစ်ချုပ်ကြေညာလွှာပုံစံများ ဖြည့်သွင်းခြင်းများကို ကူညီဆောင်ရွက်ပေးခြင်း၊
(င) အောင်ဘာလေထီပေါက်သူများအား ဆုငွေထုတ်ယူရရှိရေးအတွက် သက်ဆိုင်ရာ ဌာနခွဲသို့ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊
(စ) မော်တော်ယာဉ်၊ ဆိုင်ကယ်ဆိုင်ရာအခွန်ကြီးကြပ်မှုများအတွက် မိမိရုံးဌာန များနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊
(ဆ) အိမ်၊ ခြံ၊ မြေ တန်ဖိုးသတ်မှတ်ခြင်း၊ စည်းကြပ်ခြင်း ကိစ္စရပ်များအတွက် မိမိရုံးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊
(ဇ ) အကြံပြုချက်တိုင်စာနှင့် စုံစမ်းမေးမြန်းချက်များအပေါ် မိမိရုံးဌာနများသို့ တင်ပြ၍ ဖြေရှင်းပေးခြင်း။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီ
၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ
(က) စားသောက်ဆိုင်လိုင်စင်၊ အထွေထွေလုပ်ငန်းလိုင်စင်၊ ပုဂ္ဂလိကအိမ်ဆိုင် လိုင်စင်၊ တည်းခိုခန်း/ ဘော်ဒါလုပ်ငန်းလိုင်စင်များ ပြုလုပ်ရန်အတွက် လျှောက်လွှာများ ထုတ်ပေးခြင်း၊
(ခ ) အနှေးယာဉ်လိုင်စင်များလဲရန် လျှောက်ထားနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်း၊
(ဂ ) ရေမီတာလျှောက်လွှာများ လက်ခံပေးခြင်း၊
(ဃ) အဆောက်အဦဆောက်လုပ်ခွင့်တင်ရန်အတွက် လမ်းညွှန် ပေးခြင်း၊
(င ) မြေဂရန်လျှောက်ထားရာတွင် လိုအပ်မည့်အချက်များ သိရှိ နိုင်ခြင်း၊
(စ ) စီးပွားရေးအမှိုက်သိမ်းဆည်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဆ) မိလ္လာသိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ဇ ) ရေဆိုးမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ဈ ) ခွေးလေခွေးလွင့်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း။
၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးသည့်လုပ်ငန်း လိုင်စင်လျှောက်ထား နိုင်ရေး အတွက် လမ်းညွှန်ပေးခြင်း၊
(ခ ) အဆောက်အဦ အသေးစားပြင်ဆင်ခွင့်၊
(ဂ ) ရေသွယ်ပိုက်ပျက်စီးမှု ပြင်ဆင်ပေးခြင်း၊
(ဃ) မြေငှားရမ်းခများ ကောက်ခံပေးခြင်း၊
(င ) ပစ္စည်းခွန်များ ကောက်ခံပေးခြင်း၊
(စ ) သန့်ရှင်းရေးဆောင်ရွက်ခများကောက်ခံပေးခြင်း၊
(ဆ) ခြံထွက်အမှိုက်သိမ်းခြင်း၊
(ဇ ) အန္တရာယ်ရှိ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊
(ဈ ) ခွေးလေခွေးလွင့် ရှင်းလင်းပေးခြင်း၊
(ည) တည်းခိုခန်းလိုင်စင်များ သဘောထားမှတ်ချက်ပေးခြင်း၊
(ဋ ) ပွဲမိန့်အတွက် ထောက်ခံချက်ပြုလုပ်ပေးခြင်း၊
(ဌ ) ရေပုပ်စုပ်ယာဉ်စာရင်းပေးသွင်းခြင်း၊
(ဍ ) ကျန်လုပ်ငန်းများ (မည်သည့်ဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ကို လမ်းညွှန်ပေးခြင်း)။
၃။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
(က) အနှေးယာဉ်/ဆိုက်ကားလိုင်စင်များ ဆောင်ရွက်ပေးခြင်း၊
(ခ) ဈေးဆိုင်ခန်း ငှားရမ်းခ/ မှတ်ပုံတင်ခ၊ ဖျက်သိမ်းမှုလုပ်ငန်းများ လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်ပြု ဆောင်ရွက်ပေးခြင်း၊
(ဂ ) ပစ္စည်း/ရေ/မီး မီတာခွန်ပေးဆောင်ခြင်းနှင့် အခွန်ငွေများ လက်ခံ/ပေးသွင်း ဆောင်ရွက်ခြင်း၊
(ဃ) မော်တော်ကား/ဆိုင်ကယ်ဘီးခွန်ပေးဆောင်ခြင်း၊
(င ) စက်သုံးဆီဆိုင်ဆောက်လုပ်ရန် သဘောထားမှတ်ချက်ပေးခြင်း၊
(စ ) သားသတ်လိုင်စင်ထောက်ခံချက်ပေးခြင်း၊
(ဆ) လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊
(ဇ ) စားသောက်ကုန်နှင့် ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း၊
(ဈ ) သင်္ဂြိုလ်ခွင့်လက်မှတ်ထုတ်ပေးခြင်း၊
(ည) တည်းခိုခန်းလိုင်စင်များဆောင်ရွက်ပေးခြင်း၊
(ဋ ) ဘေးအန္တရာယ်လုပ်ငန်းများလိုင်စင်ထုတ်ပေးခြင်း၊
(ဌ ) ရေပေးဝေရေးလုပ်ငန်းများနှင့် ရေသွယ်ခွင့်လျှောက်လွှာများ ဆောင်ရွက်ပေးခြင်း၊
(ဍ ) မိလ္လာကားငှားရမ်းခြင်း၊
(ဎ ) ပုဂ္ဂလိက/ဌာန/အဖွဲ့အစည်းပိုင် အဆောက်အဦဆောက်လုပ်မှု၊
(ဏ) စီးပွားရေးကြော်ငြာဆိုင်းဘုတ်များ ဆောင်ရွက်ပေးခြင်း၊
(တ) ကျူးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းပေး၊
(ထ) ပစ္စည်းခွန်များ ကောက်ခံပေးခြင်း၊
(ဒ ) မြေငှားရမ်းခများ ကောက်ခံပေးခြင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာန
(က) မူးယစ်ဆေးစွဲသူများအား နည်းလမ်းကောင်းညွှန်ပြပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊
(ခ ) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့်၊
(ဂ ) မသန်စွမ်းကလေးများ ပညာသင်ကြားရေး၊
(ဃ) လူကုန်ကူးခံရသူများ မိဘနေရပ်ထံပြန်လည်အပ်နှံရေး၊
(င ) အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း၊
(စ ) စေတနာ့ဝန်ထမ်း၊ အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) မူကြိုမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့်ပရဟိတဂေဟာများ မှတ်ပုံတင်ခြင်း၊
(ဇ ) သုံးမွှာပူးနှင့်အထက် မွေးဖွားသည့် မိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း၊
(ဈ) ပြည်ပရေလုပ်သားများနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်ခြင်း၊
(ည) လူမှုရေးပြဿနာများ ဖြေရှင်းဆောင်ရွက်ခြင်း။
ပြည်သူ့ဝန်ဆောင်မှုရုံးများသို့ ရောက်ရှိစဉ် စစ်ဆေးမည့်အချက်များ
၁။ OSS ရုံးတည်ရှိမှု မြေပြင်အခြေအနေ၊
၂။ OSS ရုံးရှိ ဌာနများ၏ ရုံးခန်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊
၃။ OSS ရုံး၌ ဖွင့်လှစ်ထားရှိသည့် ဌာနအရေအတွက်၊
၄။ ကြီးကြပ်သူအရာရှိမှ လုပ်ဆောင်ချက်များအား မှတ်တမ်းထားရှိမှုအခြေအနေ၊
၅။ ဝန်ဆောင်မှုပေးနေမှုများအား ဌာနအလိုက် မှတ်တမ်းထားရှိမှုအခြေအနေ၊
၆။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအခြေအနေ၊
၇။ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်မှု အခြေအနေ၊
၈။ Complain Center မှ တုန့်ပြန်မှုပေးသည့်အခြေအနေ၊
၉။ ဒေသ၏လိုအပ်ချက်အရ ထပ်မံဝန်ဆောင်မှုပေးသင့်သည့်လုပ်ငန်း၊
၁၀။ ကွန်ပျူတာ၊ Printer အစရှိသည့် အထောက်အကူပစ္စည်းများ လုံလောက်မှုအခြေအနေ၊
၁၁။ (က) ပြည်ထောင်စုဝန်ကြီးဌာနများမှ အကြီးအကဲများ လာရောက်ကြည့်ရှုစစ်ဆေးသည့် အကြိမ်အရေ အတွက်၊ အကြံပြုချက်များ၊
(ခ) ပြည်နယ်/ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တိုင်းအုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ လာရောက်ကြည့်ရှုစစ်ဆေးသည့် အကြိမ် အရေအတွက်၊ အကြံပြုချက်များ။
၁၂။ ဒေသခံများ၏ စိတ်ပါဝင်စားမှုနှင့် စည်းရုံးဆောင်ရွက်နိုင်မှု အခြေအနေ၊
၁၃။ OSS တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊
(ဥပမာ - သောက်ရေသန့်၊ ရေနွေးကြမ်း၊ ကော်ဖီကျွေးမွေးနိုင်မှု၊ ရေနှင့်မိလ္လာထားရှိမှု၊ အလှည့်ကျ တာဝန် ထမ်းဆောင်နိုင်မှု အခြေအနေစသည်-)
၁၄။ OSS ရုံး ဖွင့်လှစ်မှုအပေါ် တွေ့ကြုံရသည့်အခက်အခဲနှင့် ဖြည့်ဆည်းပေးရန်လိုအပ်မှု။
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မရှိပါ။
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
မှတ်ပုံတင်မူရင်းနှင့်မိတ္တူ
ဆက်သွယ်ရမည့်လိပ်စာ
တိုင်းဒေသကြီး/ပြည်နယ်မီးသတ်ဦးစီးမှူးရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ပါသည်။