e-Governmentနှင့်ဆိုက်ဘာလုံခြုံရေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | Jun 27, 2022

e-Government ဆိုသည်မှာ

e-Government (သို့မဟုတ်) Electronic Governmentဆိုသည်မှာ အီလက်ထရွန်နစ် နည်းပညာ သုံး ခေတ်မီဆက်သွယ်ရေးစက်ပစ္စည်းများ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာကွန်ရက်ဆိုင်ရာ စက်ပစ္စည်း များ၊ အိုင်စီတီနည်းပညာနှင့် အင်တာနက်နည်းပညာများ အစရှိသည်တို့ကိုအသုံးပြုကာ အစိုးရ၏ဝန်ဆောင်မှုများအား ပြည်သူများထံသို့ လျင်မြန်ကောင်းမွန်စွာပံ့ပိုးပေးသော စနစ်တစ်ရပ်ဖြစ်သည်။ အီလက်ထရွန်နစ် နည်းပညာထဲ တွင်မှ အဓိကအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းဖြစ်သည့်အတွက် အချို့က Digital Government ဟူ၍လည်း ခေါ်ဆိုကြသည်။ ၂ဝဝ၆ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သော အဓိပ္ပာယ်ဖွင့်ဆို ချက်အရ e-Government ဆိုသည်မှာ ''အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများအား ပြည်သူများထံသို့ပေးပို့ရာတွင် အင်တာနက်နှင့် World Wide Web (WWW) နည်းပညာကို အသုံးပြု ဆောင်ရွက်ခြင်း''ဟု အဓိပ္ပာယ်ရသည်။

သို့သော် ယနေ့ကမ္ဘာတွင် အိုင်စီတီနှင့် ကွန်ပျူတာ နည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးနေသည် ဖြစ်ရာ လက်တွေ့နယ်ပယ်တွင် e-Governmentလုပ်ငန်း များသည် အထက်ဖော်ပြပါအဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ကျယ်ဝန်းသည့်သဘောကို ဆောင်နေပြီဖြစ်သည်။ e-Government လုပ်ငန်းများသည် အစိုးရနှင့် ပြည်သူ များအကြား (G2C – Government to Citizen) ထက် ကျော်လွန်ကာ အစိုးရများအကြား (G2G – Government to Government)၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ အကြား (G2B – Government to Business)၊ အစိုးရ နှင့် ဝန်ထမ်းများအကြား (G2E - Government to Employees)ဟူ၍ ပုံစံမျိုးစုံဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သည်။

အလွယ်ပြောရမည်ဆိုပါက e-Government စနစ်သည် နည်းပညာအားသာချက်ကိုအသုံးပြုကာ အစိုးရ ၏လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ e-Government စနစ်ကို အောင်မြင်အောင် တည်ဆောက်အသုံးပြုခြင်းဖြင့် အစိုးရ၏ ယန္တရားအရွယ်အစားကို လျှော့ချနိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကို ကုန်ကျစရိတ် ပိုမိုသက်သာစွာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏ တာဝန်ယူ၊ တာဝန်ခံမှု မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှုကို လျှော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကို အလွယ်တကူ စစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရ၏ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းများတွင် ပြည်သူလူထု၏ပါဝင်မှုရယူနိုင်ပြီး ဒီမိုကရေစီဖော်ဆောင်ရေးတွင် အထောက်အကူပြုနိုင်ခြင်း၊ အစိုးရနှင့် အနယ်နယ် အရပ်ရပ်ရှိ ပြည်သူများအကြား အလှမ်းကွာဝေးမှုကို လျှော့ချနိုင်ခြင်း၊ ကြိုးနီစနစ်ကိုလျှော့ချနိုင်ခြင်း စသည်ဖြင့် မြောက်မြားလှသောအကျိုးကျေးဇူးများ ရရှိနိုင်သည်။

e-Government စီမံကိန်း အကောင်အထည် ဖော်နိုင်ခြင်းဖြင့် e-Citizen စနစ်၊ e-Serviceစနစ်၊ e-Administration စနစ်၊e-Managementစနစ်၊ e-Commerceစနစ်၊e-Democracy စနစ်၊e-Societyစနစ်စသည့် အီလက်ထရွန်နစ် ဆက်သွယ်မှုနည်းပညာအခြေခံသောစနစ်များအားလုံးကို ကျွဲကူးရေပါဆိုသကဲ့သို့ တစ်ပြိုင်နက်တည်း အောင်မြင်အောင် ဆောင်ရွက်လာ နိုင်ဖွယ်ရာရှိပါသည်။

မြန်မာနိုင်ငံ၏e-Government ဖော်ဆောင်မှုလုပ်ငန်း

မြန်မာနိုင်ငံတွင် e-Government စီမံကိန်းအား ၂ဝဝ၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် သည်။ သို့သော် ၂ဝ၁၈ ခုနှစ်တွင် ၁၅ နှစ်တင်းတင်း ရှိလာပြီဖြစ်သည့်တိုင် လက်ရှိအချိန်အထိ ထိရောက် အောင်မြင်စွာ အသုံးပြုနိုင်ခြင်းမရှိသေးသည်ကို စိတ်မကောင်းစွာ လေ့လာတွေ့ရှိရသည်။ ယင်းကာလများ အကြားတွင် ထိုက်သင့်သည့် ငွေကြေးသုံးစွဲမှုများရှိခဲ့သော် လည်း (၁) လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု အပိုင်းတွင် အားနည်းခြင်းနှင့် (၂) ပြုပြင်ပြောင်းလဲမှုကို မလိုလားသည့် အင်အားစုများရှိခြင်းကြောင့် ယနေ့တိုင် မအောင်မြင်ရခြင်းဖြစ်သည်ဟု အကြမ်းဖျင်းသုံးသပ် နိုင်ပါသည်။

အကောင်အထည်ဖော်ဆောင်မှု အားနည်းသည် ဆိုရာတွင် လုံလောက်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်မှု မရှိခြင်း၊ အားကောင်းသည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးမှု မရှိခြင်း၊ ဗဟိုမှ ဦးစီးကြပ်မတ်မှုမရှိခြင်း၊ ကောင်းနိုးရာရာ များကို ဌာနအလိုက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက် ကြခြင်း၊ တိကျကောင်းမွန်သည့် ''စံ''စနစ်တစ်ခုအပေါ်တွင် အခြေခံတည်ဆောက်မှုမရှိခြင်း၊ Master Plan များ ရေးဆွဲနိုင်သော်လည်း ရေးဆွဲထားသည့်အတိုင်း အကောင် အထည်ဖော်ဆောင်မှုမပြုနိုင်ခြင်း၊ သက်ဆိုင်ရာဌာန အလိုက် ဝန်ထမ်းအကြီးအကဲများ၏အားပေးမှု နည်းပါး ခြင်း၊ နည်းပညာကျွမ်းကျင်မှု အားနည်းခြင်းကို လုံလောက် သည့်ဖြည့်ဆည်းမှုများ မဆောင်ရွက်နိုင်ခြင်း စသည်တို့ ကြောင့်ဖြစ်သည်ဟု လေ့လာမိသည်။

ထို့အတူ ဌာနအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုကို မလိုလားသည့် အင်အားစုများ အတန်အသင့်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုအင်အားစုများ၏ ပူးပေါင်းပါဝင်မှု ရရှိအောင် ဆောင်ရွက်ရန်မှာ e-Government အောင်မြင်ရေးအတွက် လွန်စွာအရေးကြီးပါသည်။ထိုအင်အားစုများထဲတွင် အစဉ်တစိုက်အသုံးပြုလာသော ရုံးလုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းများကို စွန့်လွှတ်ကာ နည်းပညာအသစ်ကို လေ့လာ၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လိုမှုမရှိသူများ၊ ကြိုးနီစနစ်တွင် ဆောင်ရွက် ရင်းဖြင့် တစ်ဦးချင်းစီတွင် ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများဆုံးရှုံးကာ တစ်ဦးချင်းစီ၏ အရေးပါမှု လျော့ပါးသွားမည့်အရေးကို မလိုလားသည့်အတွက် မပြောင်းလဲလိုသူများ၊ တစ်ဦးချင်းစီ တာဝန်ယူထားရသည့် လုပ်ငန်းများ၊ သတင်းအချက်အလက်များ၊ မှတ်တမ်းများ၏ ပေါက်ကြားမည့်အရေးကို စိုးရိမ်သူများ စသည်ဖြင့် မတူညီသည့် အုပ်စုငယ်များစွာ တွေ့ရှိရပါသည်။ ၎င်းတို့ အပြင် အဂတိလိုက်စားမှုကို နည်းလမ်းမျိုးစုံဖြင့် ကျင့်သုံး နေကြသူများကလည်း ထိုအခွင့်အရေးများ ဆုံးရှုံးသွားနိုင် မည်ဖြစ်သည့်အတွက် e-Government စနစ်သို့ မပြောင်း လိုကြသူများလည်း ရှိနိုင်ပါသည်။ ထို့ကြောင့် e-Government စနစ်သည် သာမန်အားဖြင့် လွယ်ကူယောင်ထင်ရသည့်တိုင် သိမ်မွေ့ရှုပ်ထွေးသည့် အခြေအနေ များနှင့် ဆက်နွှယ်နေသည့်အတွက် e-Government စနစ် တည်ဆောက်ခြင်းနှင့်အတူ အစိုးရ၏ ဗျူရိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေး၊ ဌာနများ၏ လုပ်ငန်းတာဝန်များ ပြင်ဆင် ပိုင်းခြားသတ်မှတ်ရေးများကို အကန့်အသတ် ဖြင့်ဖြစ်စေ တစ်ပြိုင်တည်း လေ့လာဆန်းစစ်ပြုပြင် ပြောင်းလဲရန် လိုအပ်ပါသည်။

လက်နှိပ်စက်တော်လှန်ရေး

ဥပမာတစ်ခုအနေဖြင့် ဌာနတိုင်းကြုံတွေ့ရသည့် နည်းပညာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုကို တင်ပြလို သည်။ လက်နှိပ်စက်တော်လှန်ရေးဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် ထုတ်လုပ်ခဲ့သည့် မိုက်ခရိုဆော့ကုမ္ပဏီ၏Windows 95 ကွန်ပျူတာများ ကမ္ဘာတစ်ဝန်း လူသုံးများလာသည့် နောက် ၁၉၉၈ ခုနှစ်ဝန်းကျင်ခန့်မှစတင်ကာ ရုံးဌာနအချို့ တွင် ကွန်ပျူတာများ စတင်မိတ်ဆက်လာကြသည်။ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွင် ဌာနများစွာသို့ ကွန်ပျူတာများ၊ ပရင်တာများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ယခင် အသုံးပြုနေကြသည့် လက်နှိပ်စက်များကို အစားထိုးသည့် ဖြစ်စဉ်ကို ရုံးဌာနတိုင်း ကြုံတွေ့ကြရသည်။ သို့သော် ၂ဝဝ၈ ခုနှစ်ဝန်းကျင်ခန့်အထိ အချို့သော ရုံးဌာနများတွင် လက်နှိပ်စက်များကို သူ့နည်း သူ့ဟန်ဖြင့် အသုံးပြုနေကြဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။

အမှန်တကယ်တွင် လက်နှိပ်စက်များနေရာ၌ ကွန်ပျူတာများ အစားထိုးလာခြင်းသည် ယခင်ဆောင်ရွက် နေကြသည့် ရုံးလုပ်ငန်းပုံစံများကို များစွာသက်သာ လွယ်ကူစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ရုံးများ တွင် ကွန်ပျူတာများ၊ ပရင်တာများ ရှိနေသည့်တိုင် လက်နှိပ်စက်များကို မစွန့်လွှတ်နိုင်သေးဘဲ အသုံးပြုနေ ကြသည်မှာ အလေ့အထဟောင်းကို မစွန့်လွှတ်လိုမှု၊ လျှပ်စစ်မီးအကန့်အသတ်ဖြင့် ရရှိမှု၊ ကွန်ပျူတာ အရေအတွက် အကန့်အသတ်ရှိမှု စသည်တို့ကြောင့်ဟု အကြမ်းဖျင်းသုံးသပ်ရသည်။ လက်နှိပ်စက်တော်လှန် ပြောင်းလဲရေးဖြစ်စဉ်သည် ရုံးဌာနများတွင် အောက်ခြေ အဆင့်ရှိ စာရေးစာချီများကိုသာ အဓိကရိုက်ခတ်သည့် တော်လှန်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ရာ တုံ့ပြန်အင်အားစု များစွာကို မကြုံတွေ့ရဘဲ လွယ်ကူစွာ အသွင်ကူးပြောင်းနိုင်ခဲ့သည့်တိုင် အချိန်ကာလအားဖြင့် ၁ဝ နှစ်ဝန်းကျင်ခန့် အချိန်ယူရသည်ဟု ဆိုရမည်ဖြစ်သည်။ e-Government ပြုပြင်ပြောင်းလဲရေးတွင်မူ နိုင်ငံရေးရာထူး ရယူထားသူ များအပါအဝင် ဝန်ထမ်းအဆင့်အားလုံးအပေါ်တွင် ရိုက်ခတ်သည့် ပြုပြင်ပြောင်းလဲမှုဖြစ်သည့်အတွက် များစွာ သော အကျိုးအမြတ်များ၊ လုပ်ပိုင်ခွင့်များ၊ အခွင့်အာဏာ များနှင့် ဆက်စပ်နေသည့်အတွက် အထက်တွင် ဖော်ပြသည့် အတိုင်း သိပ်မွေ့သည်ဟု ဆိုရခြင်းဖြစ်သည်။ ထို့ကြောင့် လုံလောက်သော အင်အားဖြင့် စနစ်တကျ အကောင် အထည်ဖော်နိုင်မှသာ အချိန်တိုအတွင်း အောင်မြင်၍ e-Government စနစ်၏ အကျိုးကျေးဇူးများကို အမှန် တကယ် ရရှိခံစားနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ပြီးခဲ့သည့် ၁၅ နှစ် ကာလကဲ့သို့ပင် ငွေကုန်လူပန်း အကျိုးမရှိ ဖြစ်သွားနိုင်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်နှင့် မြန်မာ့နေရာ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၂ဝ၁၆ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ ၏ e-Government အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေများကို စစ်တမ်းကောက်ယူ အမှတ်ပေးရာ မြန်မာနိုင်ငံသည် ၁၆၉ အဆင့်တွင်သာ ရှိပြီး အရည်အသွေးနိမ့် နိုင်ငံစာရင်းတွင်သာ ရှိနေသေး သည်။ ကမ္ဘာ့အဆင့် နံပါတ် ၁ သည် ဗြိတိန်နိုင်ငံဖြစ်ပြီး သြစတြေးလျ အဆင့် ၂ နှင့် တောင်ကိုရီးယား အဆင့် ၃ ဖြစ်သည်ကို တွေ့ရှိရသည်။ အမေရိကန်နိုင်ငံသည်ပင် အဆင့် ၁၂ တွင်ရှိနေသည်။ သို့သော် အဆင့် ၁ မှ ၂၉ အထိ နိုင်ငံများကိုမူ e-Governmentဖော်ဆောင်မှု လွန်စွာအဆင့်မြင့်မားသောနိုင်ငံများအဖြစ် သတ်မှတ်ထား သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် စင်ကာပူ အဆင့် ၄၊ တရုတ် အဆင့် ၆၃၊ ဗီယက်နမ် အဆင့် ၈၉၊ အိန္ဒိယ အဆင့် ၁ဝ၇၊ မလေးရှား အဆင့် ၆ဝ၊ ထိုင်း အဆင့် ၇၇၊ အင်ဒိုနီးရှား အဆင့် ၁၁၆ စသည်ဖြင့် တွေ့ရှိရသည်။ သို့ဖြစ် မြန်မာနိုင်ငံသည့် ကမ္ဘာ့အဆင့်ထက် ဒေသတွင်း အဆင့်မှာပင် များစွာနောက်ကျနေသည်ကို တွေ့မြင် နိုင်သည်။