လျင်လျင်မြန်မြန်ပြန်လည်တုံ့ပြန် တစ်ယောက်မကျန်ကူညီဆောင်ရွက်

လျင်လျင်မြန်မြန်ပြန်လည်တုံ့ပြန် တစ်ယောက်မကျန်ကူညီဆောင်ရွက်


Ministry of Information/ Naypyitaw / May 16, 2023
image_latest


အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည့်အတိုင်း ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်း မတူပီမြို့အနီးမှ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

မုန်တိုင်းသည် ရခိုင်ပြည်နယ်ကိုဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၃၀ မှ ၁၃၇ မိုင်နှင့် မုန်တိုင်းဒီရေ ပေ ၂၀ ခန့်အထိရှိခဲ့သည်။ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ချင်းပြည်နယ်တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ မှ ၇၀ ခန့်နှင့် နေပြည်တော်၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးတို့နှင့် ကချင်၊ ရှမ်း၊ ကယားပြည်နယ်တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ ခန့်အထိ တိုက်ခတ်ခဲ့သည်။ အင်အားပြင်းသော လေတိုက်နှုန်းများဖြင့် တိုက်ခတ်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းနှင့်အများရှိမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဟူသည် မည်သူမျှ တားဆီးပပျောက်နိုင်အောင် ပြုလုပ်နိုင်စွမ်းမရှိသော်လည်း သဘာဝဘေးအန္တရာယ်ကို လျင်လျင်မြန်မြန်တုံ့ပြန် စီမံခန့်ခွဲနိုင်သည့် စွမ်းပကားသည် ပျက်စီးဆုံးရှုံးမှုများလျော့နည်းအောင် လျှော့ချနိုင်ပေသည်။

မြန်မာနိုင်ငံတွင် မေလအတွင်း တိုက်ခတ်ခဲ့သည့် အင်အားအပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းများကို လေ့လာကြည့်လျှင် ၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တိုက်ခတ်ခဲ့သည့် မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၅ မိုင်နှုန်းနှင့် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် တစ်နာရီလျှင် ၁၄၅ မိုင်နှုန်းဖြင့် အများဆုံးစံချိန်တင်ခဲ့သည်။ ထိုစဉ်က မုန်တိုင်းများကို လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန်နိုင်မှုနှင့် သဘာဝဘေးကြိုတင်အသိပေးမှုများ အားနည်းသောကြောင့် ထိခိုက်ဆုံးရှုံးမှုများ မြင့်မားခဲ့သည်။ ယခုတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၇ မိုင်နှုန်းအထိရှိပြီး ကြိုတင်ပြင်ဆင်စီမံခန့်ခွဲနိုင်မှုနှင့် လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန်နိုင်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများကို စနစ်တကျပြုလုပ်ထားနိုင်ရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မတီတွင် ပါဝင်ကြသည့် လုပ်ငန်းကော်မတီ (၁၂) ခုတို့သည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြစ်ပေါ်နေချိန်တွင် ဆိုင်ရာလုပ်ငန်းများကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခဲ့ကြသည်။ မေလ ၁၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

မုန်တိုင်းကျရောက်လာလျှင် ပြည်သူများ အလွယ်တကူသိရှိမှတ်သား လိုက်နာနိုင်ရန်အတွက် အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့်များ သတ်မှတ်ထုတ်ပြန်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မုန်တိုင်းသတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ခဲ့သည်။ ကြိုတင်ပြင်ဆင်မှုအဖြစ် ထိခိုက်ခံရနိုင်ခြေများသည့် ဒေသများတွင် နားခိုသည့်အဆောက်အအုံများ၊ ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ထားနိုင်ခဲ့သည်။ မုန်တိုင်းမလာခင် ကြိုတင်လေ့ကျင့်မှု၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု စသည်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများ ညီညီညွတ်ညွတ် ပူးပေါင်းကာ ကြိုတင်ဆောင်ရွက်နိုင်ခဲ့သည်။

ယခုအခါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး မကြာမီမုန်တိုင်းပျက်ပြယ်သွားမည်ဖြစ်သည်။ သို့သော် မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာအစိုးရဌာနမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံစိတ်ချရသောနေရာတွင် ဆက်လက်နေထိုင်ရန် လိုအပ်သည်။ သို့ဖြစ်ရာ အင်အားပြင်းထန်သည့် မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ယခင်ထက် လျော့နည်းသွားခြင်းသည် စနစ်တကျကြိုတင်စီမံခန့်ခွဲမှုနှင့် လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မှုတို့ကြောင့်ဖြစ်ပါကြောင်း။     ။