ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပရဟိတစေနာ့ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပရဟိတစေနာ့ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်


Ministry of Information/ ​နေပြည်တော် / April 04, 2020
image_latest


ရန်ကုန် ဧပြီ  ၄

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများသို့ ကွင်းဆင်းသွားရောက် ကြည့်ရှုသည်။

ရှေးဦးစွာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၂၁၈) ဦးအား ထားရှိသည့် လှည်းကူး မြို့နယ်ရှိ ဓမ္မရံသီကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုနန္ဒအား ဖူးမြော်၍ ယခုကဲ့သို့ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် အလွန်အရေးကြီးသည့် အသွားအလာ ကန့်သတ်ရန်နေရာများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း လျောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုရာနေရာတွင် ပရဟိတစေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူများနှင့်တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိမိစိတ်ဆန္ဒအလျောက် အဆိုပြုတာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျေးဇူးတင်အားပေး စကားပြောကြားသည်။ ထို့နောက် ဆေးရုံ ဝန်းအတွင်းလှည့်လည် ကြည့်ရှုခဲ့ပြီး CT Scan ဓာတ်မှန်စက်ကြီးနှင့် Oxygen Plant တပ်ဆင်ထားရှိမည့် နေရာများကို ကြည့်ရှုကာ လူနာများထားရှိ ကုသမှုပေးရန် ထပ်မံလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း (၁၆) ဦး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူရာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်ရှိ ဝန်ထမ်းအိမ်ရာ (၄) ထပ်ဆောင် သစ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးရှိ (၄) ထပ်ဆောင်သစ်သို့ သွားရောက်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရောဂါ ပြင်းထန်သော လူနာများအား အထူးကြပ်မတ် ကုသမှုပေးရန် လိုအပ်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုနှင့် လိုအပ်သည်များကိုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုစီစဉ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ ဆေးရုံများသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် ယခင်ကတည်းက တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှု အထောက်အကူပြု ပညာရှင်များကို အထူးကြပ်မတ် ကုသမှုဆိုင်ရာ မွမ်းမံသင်တန်းများ ပြုလုပ်ရန် စီစဉ်ထားရှိခဲ့ရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုတွင် အဆိုပါ သင်တန်းများနှင့် အဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုး ရှိစေမည်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ လူနာများအား သီးသန့်ထားရှိကုသမှု ပေးနိုင်ရန်အတွက် ဆေးရုံများ ကြိုတင်ပြင်ဆင်ထားရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ခုတင် (၃၀၀) ဆံ့ သင်ကြားရေး ဆေးရုံကြီးကို designated hospital အဖြစ် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် Clinical Management Team များဖွဲ့စည်းထားရှိကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ကိရိယာများနှင့် ဓာတ်ခွဲပစ္စည်းများကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြသွား မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဆေးရုံအလိုက် လိုအပ် သည်များကို စာရင်းပြုစု၍ အမြန်ဆုံးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံနေသူ (၂၅) ဦးထားရှိရာ သုဝဏ္ဏဘောလုံးအကယ်ဒမီနှင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံနေသူ (၁၄၅) ဦးထားရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေသည်များကို ကြည့်ရှုပြီး ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျေးဇူးတင် စကားနှင့် အားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) သို့သွားရောက်၍ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည်များ မေးမြန်းနိုင်ရန် Call Center တစ်ခုပြုလုပ် သွားရန် စီစဉ်ထားရှိမှုအခြေအနေများ ရှင်းလင်းပွဲသို့ တက်ရောက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ သွားရောက်၍ RT-Polymerase Chain Reaction (PCR) နည်းပညာအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း၊ လက်ခံခြင်း၊ ထုတ်ယူခြင်းနှင့် ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း၊ Master mix Preparation ပြုလုပ်ခြင်း၊ PCR ဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု များကို ကြည့်ရှုပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်၏ လိုအပ်သည်များ တင်ပြမှုအပေါ် ဆွေးနွေးခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက အမြန်ဆုံးဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။      

 

(သတင်းစဉ်)