ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ


Ministry of Information/ ​နေပြည်တော် / April 24, 2020
image_latest


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) ထားရှိရန်အတွက်လမ်းများပြုပြင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်း၊ အဆောက်အဦများပြုပြင်ခြင်း၊ အထူးကြပ်မတ်ကုသဆောင်(ICU)၊ လူဦးရေ ၂၄၀ အထိ အောက်ဆီဂျင်ပေး နိုင်သော အထူးကုသဆောင်၊ လူဦးရေ ၂၄၀ ဆံ့ သာမန် ကိုဗစ်-၁၉ လူနာဆောင်၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများနေထိုင်ရန် အဆောက်အဦ၊ ဆေးနှင့် ဆေးပစ္စည်းများ သိုလှောင်ရာဌာန၊ လူနာများ အသုံးပြုရန်အောက်ဆီဂျင်ရရှိရေး၊ ဆေးရုံသုံးအမှိုက်စွန့်ပစ်မှုနှင့် အရေးပေါ်မီးရှို့စက်တို့ကို ဧပြီလဆန်းမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ကိုဗစ်-၁၉ လူနာ ၅၀၀ ထားရှိနိုင်သည့် အဆင့်အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဆောင်ရွက်နေမှုများသည် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို သိရှိစေရန် တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကိုဖော်ပြအပ်ပါသည်။

ဦးသန်းတိုးအောင် (အင်ဂျင်နီယာချုပ်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊

လမ်းဦးစီးဌာန(မြို့ပြ)

ဧပြီ ၁ ရက်မှာ ကိုဗစ်-၁၉ ကုသရေး ဌာန(ဖောင်ကြီး) ကို လုပ်မယ်ဆိုပြီး ကော်မတီ ဖွဲ့ပါတယ်။ လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဧပြီ ၇ ရက်မှာ ဖွဲ့ပါတယ်။ ကိုဗစ်-၁၉ ကုသ ရေးဌာနမှာ ကျွန်တော်တို့ လမ်းဦးစီးဌာနနဲ့ အဆောက်အဦဦးစီးဌာန နှစ်ဖွဲ့စီ ပေါင်းပြီး ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ နောက် ရေသန့်နဲ့ လျှပ်စစ်ဌာနကလည်း ပူးပေါင်းပါဝင် ကူညီပေးပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) အထူးကြပ်မတ်ကုသဆောင်(ICU)ကို လာမယ် ဆိုရင် အတိုဆုံးဖြစ်တဲ့ လမ်းသစ်တစ်လမ်း ကို ဖောက်လုပ်ထားပါတယ်။ အဲဒီလမ်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၀/၇ မှာ ဂငယ်ကွေ့လုပ်ပါတယ်။ အဲဒီကနေ ဝင်လာ ရင် ဖောင်ကြီးဆေးရုံကို ၇ မိနစ်၊ ၈ မိနစ်သာ ကြာမယ့်လမ်းသစ်ပါ။ မီတာ (၆၆၀) ရှိပါတယ်။ ရာသီမရွေးသွားလာနိုင်အောင် ကျောက်ရော မြေအမာခံ (၁၈) ပေအကျယ် ကိုးလက်မထု ခင်းပါတယ်။ ဧပြီ ၁ ရက်က စတင်ဆောင် ရွက်ခဲ့တာ ဧပြီ ၁၅ ရက်မှာ အဆုံးသတ် ပါတယ်။ နောက်အမြန်လမ်းကနေ ရန်ကုန် ဘက်ကို ပြန်တဲ့လမ်း၊ နေပြည်တော်ဘက်ကို ထွက်တဲ့လမ်း အဲဒီလမ်းနှစ်လမ်းကို ကွန်ကရစ် ခင်းပေးပါတယ်။ စုစုပေါင်း အရှည်ပေ ၂၅၅၀ ရှိပါတယ်။ ၁၂ ပေအကျယ်၊ ၈ လက်မထု ကွန်ကရစ်လမ်းပါ။ ဒါဟာ ကိုဗစ်-၁၉ ကုသရေး ဌာန (ဖောင်ကြီး) ကိုသွားမယ့် ကားတွေ ICU ကို အမြန်ဆုံးရောက်အောင် ရည်ရွယ်ပြီး ဖောက်လုပ်တာပါ။ ဒီလမ်းသည် လူနာဆောင် တွေကိုလည်း အမြန်ဆုံးရောက်ရှိမယ့် လမ်း ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေ တပ်ပေးထားလို့ လမ်းမှားစရာ မရှိပါဘူး။

နောက်တစ်ခု ဖောင်ကြီးဝင်းထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ နေဖို့ Modular House လေးလုံး ဆောက်ပေးပါတယ်။ Modular House တစ်လုံးမှာ အခန်း ငါးခန်း ပါတယ်။ အခန်းပေါင်း ၂၀ ပေါ့။ ဒီစီမံကိန်းကို ဧပြီ ၈ ရက်မှာ စတင်ပါတယ်။ ဧပြီ ၂၄ ရက် ဆို အားလုံးပြီးပါမယ်။ အဲဒါတွေအပြင် ၃၆ ပေ x ၁၈ ပေ Lab တစ်ခု လုပ်ပေးထား ပါတယ်။ အဲဒါတွေက ICU တစ်၊ နှစ်၊ သုံး၊ လေး လို ကိုဗစ်-၁၉ လူနာတွေအတွက် မဟုတ်ပါ ဘူး။ ကိုဗစ်-၁၉ အတွက်မဟုတ်ဘဲ အခြား သောရောဂါလက္ခဏာတွေကို စမ်းသပ်နိုင် အောင်ပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုမှာ ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကလည်း တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား ဝိုင်းကူတယ်။ ကုသရေးပိုင်းဖြစ်တဲ့ ဆရာဝန်၊ ဆေးဝန်ထမ်းဆိုရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနတင်မဟုတ်ဘဲ တပ်မတော်ကရော၊ ပုဂ္ဂလိကဆေးခန်းတွေ ကပါ ကူညီကြတယ်။ အားလုံး ညီညီညွတ်ညွတ်လုပ်နေတာ မြင်ရ တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ Positive လူနာတွေ ထပ်တွေ့လာရင်၊ ထပ်တိုး လာခဲ့ရင် ဖောင်ကြီးက လက်ခံလို့ရတဲ့ အနေ အထားရောက်နေပါပြီ။

ဦးကျော်သူ (အထွေထွေမန်နေဂျာ)

ဓာတ်အားဖြန့်ဖြူးရေးဌာန

ရန်ကုန်လျှပ်စစ်ဓာတ်အားပေး

ကော်ပိုရေးရှင်း (YESC)

တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြား ချက်နဲ့ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) တည်ဆောက်မယ် ဆိုတာ မတ်လကုန်လောက် မှ ကျွန်တော်တို့ စတင်သိရှိရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ YESC ဥက္ကဋ္ဌရဲ့ အနီးကပ်လမ်းညွှန်မှုနဲ့ သင်္ကြန်မတိုင်ခင် ကတည်းက ဖောင်ကြီးရဲ့ လျှပ်စစ်ဓာတ်အား ပေးမှုအခြေအနေကို လေ့လာခဲ့ကြပါတယ်။ ထပ်မံတိုးချဲ့သင့်တဲ့ ထရန်စဖော်မာ ၂၀၀ ကေဗွီအေ ခြောက်လုံးနဲ့ ၅၀၀ ကေဗွီအေ တစ်လုံးကို သင်္ကြန်မတိုင်ခင်မှာပဲ တိုးချဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၁ ကေဗွီလိုင်း ဆို လေးမိုင်ခွဲလောက်ရှိပါတယ်။ လက်ရှိ တည်ဆောက်ထားတဲ့ ၁၁ ကေဗွီလိုင်းတွေက ထိမှုခိုက်မှုများနိုင်တာကြောင့် အခုနောက်ပိုင်း တည်ဆောက်နေတဲ့ ကာဗာပါတဲ့ insulation ပါတဲ့ ကြိုးတွေနဲ့ တည်ဆောက်တယ်။ ၄၀၀ ဗို့ဓာတ်အားလိုင်းတွေဆိုလည်း အကုန်လုံး ကာဗာပါ တဲ့ကြိုးတွေနဲ့ တည်ဆောက်ခဲ့ပါ တယ်။ ICU (အထူးကြပ်မတ်ဆောင်) ကျတော့ အလွန်အရေးကြီး တာဖြစ်တဲ့ အတွက်ကြောင့် ပါဝါပေးတဲ့နေရာမှာ သီးသန့် OLTC (On Load Tap Changer ) လို့ခေါ်တဲ့ ဗို့အားကို တည်ငြိမ် စွာပေးနိုင်တဲ့ ထရန်စဖော်မာကို တပ်ဆင်ပေး ခဲ့ပါတယ်။ ဒါ့အပြင် ဒီနေရာမှာ မီးပျက်ခဲ့ရင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၅၀၀ ကေဗွီအေ မီးစက် ကြီး နှစ်လုံး၊ ၂၅၀ ကေဗွီအေ တစ်လုံး၊ ၁၅၀ ကေဗွီအေ တစ်လုံး စုစုပေါင်း လေးလုံး ချထား ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ကိုဗစ်-၁၉ ကုသရေးစင်တာကြီး ဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒီစင်တာကြီးတစ်လျှောက်လုံး လည်ပတ်ဖို့ အင်အားတွေ ထပ်မံဖြည့်သွင်းရပါတယ်။ ဖောင်ကြီးမှာ လက်ထောက်အင်ဂျင်နီယာ လောက်ပဲရှိတာမို့ လှည်းကူး၊ မှော်ဘီနဲ့ အင်းစိန်က အင်အားတွေပါ ထပ်မံဖြည့်တင်း ဆောင်ရွက်ထားပါတယ်။ မီးစက်မှာဆိုရင် လည်း မီးစက်ကျွမ်းကျင်ပညာရှင်တွေ ဆက်လက်ထားရှိပေးသွားပါမယ်။ အခုလို အချိန်တိုလေး အတွင်းမှာ ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာရှိတဲ့ အင်အားတွေ စုပေါင်း တည်ဆောက် ပေးနိုင်တဲ့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကိုယ်စား ကျွန်တော်တို့ YESC အနေနဲ့ ဂုဏ်ယူမိပါတယ်။

ဒေါ်ရူပါစိုး (အထွေထွေမန်နေဂျာ)

Global Technology Group , 5BB

ကျွန်မတို့ ကိုဗစ်-၁၉ medical Center ကြီးမှာ 5BB ဝိုင်ဖိုင်နက်ဝက်ခ်တွေကို မြန်နှုန်း မြင့်အနေနဲ့ တစ်ပတ်အတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ Global Technology Group အနေနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန ဆောင်ရွက်မယ်လို့ ကြားသိရ ကတည်းက ကျွန်မတို့အနေနဲ့ PPE ဝတ်စုံ တွေ၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်း တွေကို လှူဒါန်းခဲ့ပါတယ်။ နောက် ကျွန်မတို့ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) မှာ ဧပြီ ၇ ရက်ကတည်းက ဆာဗေးဆင်းပြီးတော့ ဧပြီ ၉ ရက်မှာ စတင်လုပ်ငန်းဆောင်ရွက် ခဲ့ပါတယ်။ 5BB ဝိုင်ဖိုင်နက်ဝက်ခ်တွေကို တစ်ပတ်အတွင်းမှာပဲ ရာနှုန်းပြည့် မြန်နှုန်း မြှင့် ပြီးစီးခဲ့ပြီး ဧပြီ ၁၆ ရက်မှာ လုပ်ငန်း အပ်နှံခဲ့ပါတယ်။ ကျွန်မတို့က ICU အခန်း တွေနဲ့ လူနာတွေထားရှိမယ့် အခန်းတွေကို အဓိကဦးစားပေး ဆောင်ရွက်ပြီးဖြစ်ပါတယ်။

ဒီလိုအချိန်ကာလမှာ Stay at Home တွေ၊ Work from Home တွေ ရှိနေတာကြောင့် Mobile Traffic တွေဖြစ်တယ်။ ဒီမှာဆို Video Conferencing တွေ၊ ရီမုကွန်ထရိုးတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေနဲ့ X-Ray တွေမှာလည်း သုံးနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါ တယ်။ တပ်ဆင်ပေးရတဲ့ ရည်ရွယ်ချက်က တော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေဆို Video Conferencing တွေ လုပ်ရမယ်။ နောက် ဒီထဲမှာရှိနေတဲ့ ကျန်းမာ ရေးဝန်ထမ်းတွေ၊ အခြားဝန်ထမ်းတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ လူနာတွေ ဆက်သွယ်မှု အမြန်ဆုံး အဆင်ပြေနိုင်အောင်ပါ။ Video Conferencing တွေဟာ နိုင်ငံခြားက ဆရာဝန်တွေ၊ နည်းပညာရှင်တွေနဲ့ လုပ်ငန်း လုပ်တဲ့အခါ အများကြီးကို လိုအပ်ပါတယ်။ အဲဒီအတွက် လျင်မြန်စွာ အသုံးပြုနိုင် အောင် လာရောက်တပ်ဆင်လှူဒါန်းခြင်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)မှာ ကျွန်မတို့ တစ်ဦးတစ်ယောက်တည်းတင် မဟုတ်ဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစီး ပြီးတော့ အစိုးရဌာနတွေရဲ့ အင်အား၊ ကုမ္ပဏီ တွေရဲ့အင်အား၊ ပရဟိတ စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့ အင်အားတွေ၊ တပ်မတော်ဆေးအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေရဲ့အားတွေလည်း ပါပါ တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ငွေကြေး အင်အားစိုက်ထုတ်ပြီး ပါဝင်ကူညီတယ်ဆိုပေ မယ့် ဒီထဲမှာရှိနေတဲ့ ဝန်ထမ်းတစ်ယောက် ချင်းစီရဲ့အင်အား၊ အလုပ်သမားတစ်ယောက် ချင်းစီရဲ့ အင်အားကိုလည်း ကျေးဇူးတင်ရမှာ ပါ။ သူတို့ရဲ့ ကျန်းမာရေး၊ သူတို့ရဲ့ မိသားစုတွေ ကို ပစ်ထားပြီး ပါဝင်ပံ့ပိုးကူညီလို့သာ အချိန် တိုအတွင်း ပြီးစီးတာပါ။

ဒေါက်တာအောင်မြင့်မော်

(ဒုတိယဌာနမှူး-ညွှန်ကြားရေးမှူး)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်

သန့်ရှင်းရေးဌာန

ရန်ကုန်မြို့တော်

စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ လူနာတွေက အသုံးပြုပြီး နောက်ဆုံး ထွက်လာမယ့် အမှိုက်တွေ စွန့်ပစ် ပစ္စည်းတွေကို မီးရှို့မယ့် မီးရှို့စက်နဲ့ အရေးပေါ် မရှိမဖြစ် လိုအပ်လာရင် အသုံးပြုနိုင်ဖို့ မီးသင်္ဂြိုဟ်စက် တည်ဆောက်နေတာဖြစ်ပါ တယ်။ လက်ရှိနေရာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ချိုင့်ထဲမှာ လုပ်ထားပါတယ်။ အဆောက်အဦက တော့ ၅၅ ပေ x ပေ ၆၀ ကို လေဝင် လေထွက် ကောင်းအောင် လုပ်ထားပါတယ်။ အမှိုက် မီးရှို့တဲ့ဖိုကို ကျွန်တော်တို့ နှစ်မျိုးခွဲထားပါ တယ်။ တစ်နာရီမှာ အမှိုက်တန်ချိန် ဝ ဒသမ ၂၅ တန်ချိန် ရှို့နိုင်အောင် ထားတယ်။ မီးအပူ ချိန်ကတော့ ၄၀၀ ဒီဂရီစင်တီဂရိတ်နဲ့ ၆၀၀ ဒီဂရီစင်တီဂရိတ်ကြားမှာ ရအောင် လုပ်ထား တယ်။ အမှိုက်မီးရှို့ ဖိုက အလျား ၁၄ ပေ၊ အနံ ၁၆ ပေ ၊ အမြင့် ၁၁ ပေဖြစ်တယ်။ မီးရှို့ဖို့ နှစ်မျိုး ခွဲထားတာက တစ်မျိုးက ရိုးရိုးထွက်တဲ့ အမှိုက် တွေ ရှို့ဖို့ ခွဲထားတယ်။ ဒုတိယတစ်မျိုးက လူနဲ့ မထိအောင် Chemical တွေ ပါလာမယ်၊ ကူးစက်တွေပါလာမယ်။ ဒါမျိုးအရာတွေကို လက်နဲ့မထိဘဲ တိုက်ရိုက်တင်တဲ့စနစ်နဲ့ သီးခြားရှို့နိုင်အောင် နှစ်ပေါက် နှစ်ဖိုခွဲထား ပါတယ်။ နောက်တစ်ခုက သုံးပေါက်တွဲ မီးသင်္ဂြိုဟ်စက်ပါ။ ရုတ်တရတ် တိမ်းပါး သွားရင် Service ပေးနိုင်အောင် ထားထား တဲ့ သဘောပါ။ သူကတော့ အလျား ၂၄ ပေ၊ အရှေ့အနောက် ၁၆ ပေ၊ အမြင့်က ၁၂ ပေပါ။ သူ့မှာလည်း ထူးခြားတဲ့စနစ် ပါပါ တယ်။

အမှိုက်မီးရှို့တဲ့စနစ်မှာ ထူးခြားတာက မီးရှို့ပြီးရင် ပြာတွေထွက်လာမယ်။ အဲဒီပြာ တွေကို လေထဲမှာတင် အနည်ထိုင်ဖို့ ကန်တစ်ကန်ထည့်ထားတယ်။ နောက် တရုတ် ကိုအပ်ပြီး သူကပေးတဲ့ဒီဇိုင်းနဲ့ လေသန့်စင် စနစ်ကို ထည့်ထားတယ်။ သူ့စနစ်က မီးခိုး ဝင်လာရင် ပထမတစ်ကြိမ် မီးသွေးကို ဖြတ် မယ်။ ဒုတိယ တစ်ကြိမ်လည်း မီးသွေးထဲ ထပ်ဖြတ်မယ်။ ပြီးရင် ရေထဲကို ဖြတ်မယ်။ ရေထဲဖြတ်ပြီး ဆိုဒီယမ်ဟိုက်ဒြောဆိုက်ကို ဖြတ်မယ်။ အဲဒီလိုဖြတ်ပြီးမှ အပြင်ကို လေထွက်သွားမယ်ဆိုရင် အဲဒီလေက အမှုန် အမွှားမပါ၊ အနံ့မပါတော့ဘူး။ မီးခိုးအရောင် သည်လည်း အမည်းရောင်မထွက်တော့ဘဲ အဖြူရောင်ပဲ ထွက်ပါလိမ့်မယ်။ အမှိုက်ရှို့ မီးခိုးခေါင်းတိုင်အမြင့်ကိုလည်း ပေ ၃၀ အထိ ယူထားပါတယ်။

ဥပမာ-မီးဖိုတစ်ဖို ဆောက်ရင် ခြောက်လ လောက်ကြာပါတယ်။ အဆောက်အဦဆို နှစ်လလောက်ကြာ ပါတယ်။ နေ့ရော၊ ညရော၊ မနက်ပိုင်းရော သုံးဂျူတီခွဲပြီးတော့မှ ၈ နာရီ သုံးဆိုင်းနဲ့ လုပ်တာ ဧပြီ ၂၁ ရက်မှာပဲ ပြီးသွား ပါပြီ။ မနက်ဖြန်၊ သန်ဘက်ခါဆို အမှိုက်ကို မီးရှို့လို့ရတဲ့ အနေအထားဖြစ်ပါပြီ။

ဦးအောင်ဝင်း

(စည်းကမ်းထိန်းသိမ်းဌာန - တာဝန်ခံ)

ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု

အာဏာပိုင်အဖွဲ့ (YRTA)

ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီး ဆေးရုံအတွက် ကုန်စည်တင်ယာဉ်အစီး (၆၀) စီစဉ်ဆောင်ရွက်ပေး ပါတယ်။ ဒီနေ့ချိန်ထိ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ယာဉ်စီး ရေ (၇၀၀) ခန့်ကို စီမံဆောင်ရွက်လျက် ရှိပါ တယ်။ အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်သား ၆၆၇ ဦး အတွက် မနက်၊ နေ့လယ်၊ ညစာတွေကို စီစဉ် ဆောင်ရွက်ပေးနေပါတယ်။ နောက် ဖောင်ကြီး မှာပဲ YRTA အနေနဲ့ ၁၀ ယောက်ပါတဲ့ အဖွဲ့ငယ် ကို တွဲဖက်ထားရှိပြီး ယာဉ် (၈) စီးနဲ့အတူ ကျန်းမာရေးဝန်ထမ်းများနဲ့ အုပ်ချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးရုံစတင်ဖွင့်လှစ်ပြီးရင်လည်း လူနာ များနဲ့ပတ်သက်ပြီး ကြိုပို့လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ ပတ်သက်ပြီး အုပ်ချုပ်မှုပိုင်းအနေနဲ့ လိုအပ်တဲ့ ယာဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။

ကျန်းမာရေးဝန်ထမ်းများ အထောက် အကူပြုရေးအဖွဲ့မှာ တာဝန်ယူပေးနေပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန စတင်တည်ဆောက် ကတည်းက တာဝန်ယူခဲ့ပါတယ်။ ကျန်းမာ ရေးဝန်ထမ်းများရဲ့ နေထိုင်ရေး၊ စားသောက် ရေး၊ သယ်ယူပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်ပေးပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၁၄၇ ယောက်အတွက် မြောက် ဥက္ကလာပမြို့နယ် သန္တာအိမ်ရာမှာ သုံးထပ် တိုက် လေးလုံး၊ River View Condo နဲ့ ဦးဝိစာရအဝိုင်းအနီး Golden View မှာ နေရာ ချထားပြီး ပြင်ဆင်ပေးပါတယ်။ စားသောက် ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှာရှိတဲ့ အစိုးရဆေးရုံတွေ၊ ဆေးတက္ကသိုလ်(၂) နဲ့ အခြားစုရပ် စုစုပေါင်း ၁၈ နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် စီစဉ်ဆောင်ရွက်ပေးပါ တယ်။ မတ်လ ၃၀ ရက်ကနေ ဒီနေ့အထိ ထမင်းဘူးပေါင်း ၂၉၆၀၈ ဘူး၊ ဆောက်လုပ် ရေးဝန်ထမ်းတွေအတွက် ၁၃၈၈၁ ဘူးကို စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ သွားလာရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက် Quaran-tine ခရီးသည်များ၊ လေဆိပ်နှင့် အဝေးပြေး၊ ဘူတာကြီးစတဲ့ နေရာများအထိ ခရီးသည်များ ကြိုပို့ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး စတာတွေကို နေ့စဉ် ဆောင်ရွက်ပေးနေပါတယ်။ ယနေ့အထိ ကြိုပို့ ယာဉ် အစီး ၁၈၀၊ စားသောက်ရေးအတွက် ၂၀၈ စီး၊ Quarantine ခရီးသည်တွေအတွက် ၇၄ စီး၊ လုပ်ငန်းသုံးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးအတွက် ၁၀၁ စီး ဆောင်ရွက် ပေးထားပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

တွေ့ဆုံမေးမြန်း - ညွန့်ကိုကို၊ ဓာတ်ပုံ - ဇော်မင်းလတ်