နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Climate Ambition Summit ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ကြေညာခဲ့
သတင်းများ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Climate Ambition Summit ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ကြေညာခဲ့
Ministry of Information/ Naypyitaw / December 13, 2020
နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ပါရီသဘောတူညီချက် (၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ချီလီနိုင်ငံနှင့် အီတလီနိုင်ငံ တို့နှင့် မိတ်ဖက်ပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) ကို ယခုနှစ်မကုန်မီ တင်သွင်းသွားရန် ရည်မှန်းထားကြောင်း ကြေညာခဲ့ပြီး၊ အဆိုပါလုပ်ငန်းအစီအစဉ်အရ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနှင့် သစ်တောကဏ္ဍမှ ကာဗွန် အသားတင် ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချခြင်းတို့မှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း(၂၄၃)သန်းလျှော့ချရန်မျှော်မှန်းကြောင်း၊ ထို့ပြင် ကာဗွန် ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့်ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် တန်ချိန်ပေါင်း (၁၀၅ ဒသမ ၂) သန်းနှင့် သစ်တောကဏ္ဍတွင် တန်ချိန်ပေါင်း (၁၂၃ ဒသမ ၆) သန်း အသီးသီး လျှော့ချသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းစီမံချက် (National Adaptation Plan) ကို ၂၀၂၄ ခုနှစ်တွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကာဗွန်စုပ်ယူမှု မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ စုစုပေါင်း နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးမြှင့်သတ်မှတ်ရေးအတွက် နိုင်ငံအဆင့်ရည်မှန်းချက်များ ချမှတ် ထားကြောင်း၊ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၂၇) နှင့်အညီ မြေဧရိယာဟက်တာ (၀ ဒသမ ၅၉) သန်းရှိ ကြိုးဝိုင်း သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွား မည် ဖြစ်ကြောင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်မြေများ၏ မြေဧရိယာဟက်တာ(၀ ဒသမ ၂၅) သန်း တွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ထို့ပြင် စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ လူနေအိမ်ယာများတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ၊ စက်မှု ကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း ၊ ကုန်သွယ် စီးပွားရေးကဏ္ဍတွင် ၄ ရာခိုင်နှုန်း နှင့် အခြားကဏ္ဍများတွင် ၁ ဒသမ ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၁-၂၀၃၀ ကာလ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ပေါင်း (၅ ဒသမ ၉၉) သန်းနီးပါး လျှော့ချ နိုင်ရေးအတွက် ထင်းသုံးစွဲမှုလျော့နည်းသည့် စွမ်းအားမြှင့်မီးဖို (၅ ဒသမ ၁) သန်း ဖြန့်ဖြူးသွားရန် စီစဉ်ထားရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ နိုင်ငံပေါင်း (၇၅) နိုင်ငံမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်မြင့် ကိုယ်စားလှယ် များက ဗီဒီယိုဖြင့် မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပြီး၊ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဖြေရှင်းရေးနှင့် ပါရီသဘောတူညီချက် အကောင်အထည်ဖော်ရေးတို့အတွက် ကတိကဝတ် အသစ်များ ကြေညာခဲ့ကြသည်။
(သတင်းစဉ်)