ဒုတိယဝန်ကြီး ဦးမင်းထိန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမင်းထိန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 27, 2022
image_latest


နေပြည်တော် ဧပြီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ဒုတိယဝန်ကြီးသည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါတံတားသည် ပုသိမ် - ကံကုန်း -မြင်းက ဆိပ် - မြောင်းမြလမ်း ပမ္မဝတီမြစ်ပေါ်တွင် တည်ရှိ၍ တံတားအရှည် ပေ ၁၂၆၀၊ တံတားအကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ် အကျယ်ပေ ၂၀၀၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၂၀၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာ - သဲဖြူလမ်း၊ လပွတ္တာ - သင်္ကန်းကြီး - ပြင်စလူလမ်းပေါ်ရှိ မရမ်းချောင်းတံတား၊ ဘိုကလေး- စက်ဆန်း - ထော်ပိုင် - အမာလမ်း(ဘိုကလေး - စက်ဆန်းလမ်းပိုင်း) ဘုရားချောင်းမြစ်ပေါ်တွင် တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက် လျက်ရှိသည့် ဘုရားချောင်းတံတား၊ ဖျာပုံ _ ကျုံကဒွန်း_ ဒေါ်ညိမ်း _ အမာလမ်းပေါ်တွင် တံတားအထူးအဖွဲ့ (၁၀)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဒေးဒလူ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်များကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ဒေးဒလူတံတားသည် တံတားအရှည်ပေ ၈၇၀၀၊ တံတားအကျယ် ၉ ဒသမ ၁၄၄ မီတာ၊ ယာဉ်သွားလမ်း အကျယ် ၇ ဒသမ ၃၁၆ မီတာ၊ လူသွားလမ်းအကျယ် (တစ်ဖက်လျှင်) သုည ဒသမ ၉၁၄ မီတာ၊ ရေလမ်း ကင်းလွတ်အမြင့် ၆ ဒသမ ၁ မီတာ၊ ရေလမ်းကင်း လွတ်အကျယ် ၁၅ ဒသမ ၉၈ မီတာ၊ ယာဉ်တစ်စီး ချင်းခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်