တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်မြို့၊ သီတဂူ အာရောဂျဒါနဆေးရုံတော်ကြီးတွင် ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်မြို့၊ သီတဂူ အာရောဂျဒါနဆေးရုံတော်ကြီးတွင် ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး


Ministry of Information/ တနင်္သာရီတိုင်းဒေသကြီး / December 26, 2019
image_latest


ထားဝယ်  ဒီဇင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် (၁၆)ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် သီတဂူရွှေပြည်ဟိန်းဆရာတော်ကြီးက ဦးဆောင်၍ သမားတော်ကြီး ဒေါက်တာမြအောင်ဦးဆောင်သော သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံတော်ကြီးမှ အထူးကုဆရာဝန်များ၊ ထားဝယ်မြို့ အထူးကုဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ မျက်စိဝေဒနာရှင် ( ၆၁ )ဦးအား ခွဲစိပ်ကုသပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေးစကားပြောကြားပြီး သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံတော်ကြီးမှ အထူးကုဆရာဝန်များအဖွဲ့သည် ( ၃၀-၁၂-၂၀၁၉) ရက်နေ့အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင် (၂၆၀)ဦး လာရောက်စာရင်းပေးသွင်းထားကြောင်းနှင့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့၏ စက္ခုအလင်းအတွက် ဆရာတော်ကြီးနှင့်အတူ ကုသိုလ်ရှင်များက လိုအပ်သော ဆေးဝါးနှင့် ဝေယျာဝစ္စအတွက် အလှူငွေများကို သီတဂူဆေးရုံတော်နှင့် ထားဝယ် KBZ ဘဏ်စာရင်း အမှတ် - ၀၄၇၁၂၂၀၀၀၆၄၆၂ သို့ ထည့်သွင်း၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)