ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍(၁၆)ကြိမ်မြောက်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍(၁၆)ကြိမ်မြောက်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 05, 2019


ဘားအံ နိုဝင်ဘာ ၅

 ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၆)ကြိမ်မြောက်မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျင်းပသည်။

 ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်ဩဝါဒစရိယ ဓမ္မဝါသီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သံဃာကိုသာ ရည်မှန်း လှူဒါန်းသော စုပေါင်းမဟာဘုံကထိန် ပဒေသာပင် ၅၉ ပင်မှ ငွေသားတန်ဖိုး ၁၉၆၆၂၉၅၀ (တစ်ရာကိုးဆယ်ခြောက်သိန်းခြောက်သောင်း နှစ်ထောင်ကိုးရာ ငါးဆယ်ကျပ်)၊ ပစ္စည်းတန်ဖိုး ၈၈၆၉၆၅၀ (ရှစ်ဆယ်ရှစ်သိန်းခြောက်သောင်းကိုးထောင်ခြောက်ရာငါးဆယ်ကျပ်)၊ စုစုပေါင်း ၂၈၅၃၂၆၀၀ (နှစ်ရာရှစ်ဆယ်ငါးသိန်းသုံးသောင်းနှစ်ထောင်ခြောက်ရာကျပ်) တန်ဖိုးရှိ ငွေပဒေသာပင်များကို လှူဒါန်းခဲ့ပြီး သက်ဆိုင်ရာဌာန ဆိုင်ရာများက မိမိတို့မဲကျရာ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များသို့ ပို့ဆောင်ကပ် လှူသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။