ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 18, 2019


ဘားအံ အောက်တိုဘာ ၁၇

 အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် အမျိုးသမီးများ အားကစားလှုပ်ရှားမှုဖြင့် ရင်းနှီး ချစ်ကြည်မှုရရှိပြီး နိုင်ငံတော်မှအားထားရသည့် အမျိုးသမီးစွမ်းဆောင်ရှင်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

 အဆိုပါပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အငယ်တန်း(၃)သင်း၊ အကြီးတန်း(၅)သင်း၊ ဘားအံမြို့ပေါ်ကျောင်းများမှ အငယ်တန်း(၁၅)သင်း၊ အကြီးတန်း(၁၆)သင်း၊ Myanmar Fitness Dance အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲ၊ (၉)ယောက်တွဲပြိုင်ပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားများခွဲ၍ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းက အဖွင့်အမှာစကားပြောကြား ၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်း အမြစ်ဝန်ကြီးဦးမင်းကိုခိုင်တို့က ကျောင်းပြိုင်ပွဲဝင်အသင်းများအတွက် အသင်းငယ်(၁)သင်းလျှင် (၂)သိန်း၊ မြို့နယ်များမှ အသင်းငယ် (၁)သင်းလျှင် (၄)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၀၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 ပြိုင်ပွဲတွင် ထူးချွန်ထက်မြတ်သည့် အားကစားသမားများကို ကရင်ပြည်နယ်ကိုယ်စားပြု ပြည်နယ်လက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ (၅)ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။