ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်း ပညာရေး( NFPE) လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်း ပညာရေး( NFPE) လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


ပုသိမ် ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်း ပညာရေး (NFPE) လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထက ၁ ရတနာတန်ဆောင် ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့သူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းထွက် စောခဲ့ရသူ၊ အသက် ၁၀ နှစ်မှ ၁၄ နှစ် အရွယ်သက်ငယ် အုပ်စုဝင် ကလေးများကို ပညာရေး အခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးသည့် အစီအစဉ်ဖြစ်ကြောင်း၊ ကလေးများသည် တစ်ယောက်နှင့် တစ်ယောက် မတူညီကွဲပြားခြားနားသည့် ဘဝနောက်ခံ အသီးသီးရှိကြသလို စွမ်းရည် အမျိုးမျိုးလည်း ရှိနေကြကြောင်း၊ ကလေးများ၏ ဘဝအတွက် တာဝန်ခံမှု၊ ကတိကဝတ်ရှိကြသူများမှာ "တာဝန်သိ၊ တာဝန်ရှိ လူကြီးမင်းများ" ပင်ဖြစ်ကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်က စ၍ ပညာရေးဝန်ကြီးဌာန နှင့် ယူနီဆက်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းမျိုးမျိုး ကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများကို သူထိုက်နှင့် သူကံ သဘောမျိုးဖြင့် လျစ်လျှူရှု မထားသင့်ကြောင်း၊ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကူညီ ကယ်တင်ပြီး "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုတဲ့စကားအတိုင်း တစ်နေ့မှာ လူကြီးဖြစ်လာမယ့် ကလေးများသည် စာတတ်၊ ပေတတ်၊ ပညာတတ် ကလေးတွေ ဖြစ်မယ်ဆိုရင် သူတိုတစ်ဦးချင်း အတွက် သာမက တိုင်းပြည်အတွက်လည်း အကျိုးရှိမည်ဟု ခံယူပြီး ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်နှစ်များက အောင်မြင်မှုများ ရှိခဲ့ကြသလို ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင်လည်း ယခုထက် ပိုမိုသော အောင်မြင်မှုများ ရစေရန် ဆရာ၊ ဆရာမ များ၊ မိဘများ၊ အုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်/ခရိုင်/ တိုင်းအဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှဒေါက်တာဦးတင်ညိုက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲစိုးထူးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းတို့က ကျောင်ပြင်ပမူလတန်းပညာကိစ္စများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက မြို့နယ် အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေး ဒုတိယအဆင့်(Level -2) နှစ်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းတွင် တိုင်းအဆင့် ၁ မှ ၅ အထိရရှိသူများ၊ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်ခဲ့ ကြသော ကျောင်းပြင်ပ မူလတန်းပညာရေး ( NFPE) မှကျောင်းသား၊ ကျောင်းသူ သူများကိုဆုများချီး မြှင့်ခဲ့ကြသည်။

၎င်းနောက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်းသူ ပန်းတနော်မြို့မှ သမိုင်းဘာသာရပ်ဂုဏ်ထူးဖြင့် အောင်မြင်သော မအေးအေးငြိမ်း နှင့်ကျောင်းပြင်ပမူလတန်း ပညာရေးသင် အိမ္မဲမြို့ ဆိတ်ချေးကုန်း အမကအခြေစိုက်ကျောင်းမှ ဆရာမ ဒေါ် ဖြိုးလဲ့ဝေ တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ဆက်လက်၍ သင်တန်း ဆရာ၊ ဆရာမများက "ကလေးများအတွက်ဒီနေ့" သီချင်းဖြင့် ဖျော်ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြသထားသော ပြခန်းအား ကြည်ရှုခဲ့ကြောင်း သိရသည်။

အခန်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ တာဝန်ရှိသူများ၊ ကျောင်းပနှင့် တစ်သက်တာပညာရေးဦးစီးဌာမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းပြင်ပမူလတန်း ပညာ လုပ်ငန်းကို ဆောင်ရွက်နေ သော ခရိုင်နှင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)