ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဒသမနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဒသမနေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 23, 2019
image_latest


နေပြည်တော် မေ ၂၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ကို ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေး နှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် အမျိုးသားစီမံကိန်းအပေါ်တွင် ကဏ္ဍအလိုက် စီမံကိန်းများ အကောင် အထည်ဖော်နိုင်မှု အနေဖြင့်ဆက်သွယ်ရေးကဏ္ဍမှ အပကျန်ကဏ္ဍများတွင် ၅၀ ရာခိုင်နှုန်းကျော်နှင့် ၅၀ ရာခိုင်နှုန်းပတ်ဝန်းကျင်တွင် အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ကဏ္ဍအလိုက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင်ပါဝင်မှု ရာခိုင်နှုန်း အများဆုံးကဏ္ဍများအနေဖြင့် လယ်ယာကဏ္ဍ၊ သတ္တုနှင့်တွင်းထက် ပစ္စည်းကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့ဖြစ်ပါကြောင်း၊ တိုးတက်မှုနှုန်း မြင့်မားသည့် ကဏ္ဍများအနေဖြင့် စက်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ငွေရေးကြေးရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း။

 တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အကောင်အထည်ဖော်နိုင်မှု အနေဖြင့် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာနှစ် ပထမ(၆)လပတ် အမျိုးသားစီမံကိန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ၅ဝရာခိုင်နှုန်းကျော် အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တိုးတက်မှုနှုန်းအနေဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးတက်မှုများ ရှိခဲ့ပါကြောင်း၊ ယခုတင်ပြသည့် အစီရင်ခံစာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မူဝါဒများ၊ ဦးစားပေးကဏ္ဍများ သတ်မှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများကို ခြုံငုံသုံးသပ် တင်ပြထား ခြင်းဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍ၊ ဒေသချိတ်ဆက်မှု အားကောင်းစေရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအကောင်အထည်ဖော်ဆဲနှင့်ရေးဆွဲဆောင်ရွက်မည့်ကဏ္ဍနှင့် ဦးတည်ချက်များအလိုက် စီမံကိန်းနှင့် မူဝါဒများအပေါ်တွင် အခြေခံ၍ နိုင်ငံတော်၏ ဖွံ့ဖြိုးမှုလိုအပ်ချက်များနှင့် ကမ္ဘာ့ကုလသမဂ္ဂစဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်များကို ချိတ်ဆက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကိုလည်း ရေးဆွဲ ထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက တင်ပြပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြား တင်ပြခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ရန် ရှိကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက တင်ပြပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ရန် ရှိကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံနှင့် ဘီနင် သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက ယခု သံတမန်အဆက်အသွယ်ပြုလုပ်မည့် အာဖရိက (၃)နိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ထားခြင်းအားဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးတွင် ပိုမိုတိုးတက် အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ ဘီနင်၊ ကွန်ဂိုနှင့် တိုဂို သုံးနိုင်ငံ၏ အဓိကသွင်း ကုန်ထဲတွင် စားသောက်ကုန်ပါသည့်အတွက် မိမိတို့နိုင်ငံ ၏ ကောက်ပဲ သီးနှံများကို စီးပွားရေးအရ အဓိကပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်သည့် အခွင့်အရေး ကောင်းများလည်း ရရှိလာမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ သံတမန်အဆက် အသွယ်ထူထောင်ပြီး မိတ်ဆွေဖွဲ့ခြင်းသည် မိတ်ဖက်များလာခြင်း ဖြစ်ပါကြောင်း၊ မိတ်ဖက် နိုင်ငံများလာခြင်းသည် မိမိတို့နိုင်ငံ အတွက် ကောင်းသည့်အကျိုးကျေးဇူးများ ရရှိလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ဘီနင်၊ ကွန်ဂိုနှင့်  တိုဂိုသမ္မတနိုင်ငံတို့နှင့် သံတမန်အဆက်အသွယ်ထူ ထောင်ရန်ကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို နှင့် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က  ယင်းသို့ သံတမန်ဆက်သွယ်ခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်မည့်အပြင် ဒေသတွင်းနိုင်ငံတကာမျက်နှာစာတွင်ပူးပေါင်း ဆောင်ရွက်နိုင် မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘီနင်၊ ကွန်ဂို၊ တိုဂိုနိုင်ငံ (၃)နိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ထူထောင်ပေးရန် အဆိုပြုချက်ကို လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် ထောက်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာ ချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဈေးကွက်၊ ဖွင့်လှစ်ပေးထားသော ဝန်ဆောင်မှုကဏ္ဍများအလိုက် အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး ပြည်တွင်း အလုပ်အကိုင်နှင့် ဈေးကွက်အခွင့်အ လမ်းများ ပွင့်လင်းလာမည် ဖြစ်သည့်အပြင် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ဆောင်မှုကုန်သွယ်ရေးပိုင်းတွင် နိုင်ငံခြားငွေရရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ စာချုပ်ကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ၃၅ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပါဝင်လက်မှတ်ရေးထိုးရန် ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ) နှင့် မွန်ပြည် နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်နွယ်နွယ်အောင် တို့က ဆက်လက်ဆွေးနွေး ကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ နိုင်ခြင်း၊ ပြည်တွင်းအလုပ် အကိုင်နှင့် ဈေးကွက်အခွင့်အလမ်းများ ပွင့်လင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိမှု တိုးမြှင့်လာမည်ဖြစ်သည့်အပြင် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း အထောက်အကူပြုနိုင် မည့် အကျိုးကျေးဇူး ရရှိမည် ဖြစ်သည့်အတွက် အခြားအာဆီယံ နိုင်ငံများနည်းတူ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို နာခံမည်ဖြစ်ပါကြောင်း  ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

ယင်းနောက် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံ စာများကို ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း တို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေး နှစ်ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များ ကိုလေ့လာစိစစ်ရာတွင် အခန်း(၁)အမည်နှင့် အကျိုးသက်ရောက်သည့် ကာလကို  ပုဒ်မ ၁တွင် လည်းကောင်း၊ အခန်း(၂)နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထား ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းကို ပုဒ်မ ၂တွင်လည်းကောင်း၊ ပုဒ်မ ၂ပါ တာဝန်ပေး အပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များသည် ၎င်းတို့အား တာဝန်ပေးအပ်သည့်  သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်များအား လွှဲအပ်ဆောင်ရွက်စေနိုင် ကြောင်း ပြဋ္ဌာန်းချက်ကို ပုဒ်မ ၃ တွင်လည်းကောင်း၊ အခန်း(၃) ငွေချေးယူခြင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ပုဒ်မ ၁၂ တွင် ဖော်ပြထားသည့် ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေပမာဏအပြင် နောက်ထပ် ကျပ်သန်းငါးသိန်းတိုးမြှင့်လျာထားကြောင်း ပြဋ္ဌာန်းချက်ကိုပုဒ်မ ၄ တွင်လည်းကောင်း ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါ ကြောင်း။
သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် တွင် ပြင်ဆင်ဖြည့်စွက်ရန်မ ရှိပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ဆောင်ရွက်သင့်သည်ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၉၉နှင့်အညီ သုံးသပ်တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မူနှင့်အခြေခံ သဘောဆွေးနွေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာနှင့် ရငွေသုံးငွေပိုင်း ဆိုင်ရာ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေး ခြင်းတို့ကို တပေါင်းတည်း ဆွေးနွေးဆောင်ရွက်ရန် လျာထားပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသည့် ရငွေသုံးငွေ စာရင်းအပါအဝင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က ယခုတင်ပြသွားသည့် အစီရင်ခံစာပါအကြောင်း အရာများကို ယှဉ်တွဲစိစစ်လေ့လာပြီး မူသဘောဆွေးနွေးခြင်း၊ ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးခြင်းတို့ကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၈၊ ၈၉၊ ၉၀ တို့နှင့် အညီ စိစစ်ရေးပူးပေါင်းအဖွဲ့ အနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဆွေးနွေးလိုသည့် ဌာန၊ အဖွဲ့အစည်းကို ဖော်ပြရန်ဖြစ်ပါကြောင်း၊ မူသဘောဆွေးနွေးလိုပါက အကြောင်းအရာအကျဉ်းချုပ်နှင့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုပါက ပြင်ဆင်လိုသည့် အကြောင်းအရာ၊ အချက်အလက်၊ ကိန်း ဂဏန်းတို့ကို တိကျစွာ ရေးသားဖော်ပြရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်အလက်များရေးသားဖော်ပြပြီး လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် လက်မှတ်ရေးထိုးထား သည့် အကြောင်းကြားစာကို ၂၀၁၉ခုနှစ် မေ ၂၇ရက်၊ တနင်္လာ နေ့ ညနေလေးနာရီ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်းနှင့် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘောအပါအဝင် ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေးခြင်းကို ၂၀၁၉ခုနှစ် မေ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ တွင်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင် စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံး အတည်ပြုခြင်းတို့ကို မေ ၃၁ ရက် သောကြာနေ့တွင်လည်းကောင်း ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို မေ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်