မြန်မာနိုင်ငံပိုင်ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Transport and Communications/ Nay Pyi Taw / May 23, 2019


မြန်မာနိုင်ငံပိုင် ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင်ကျင်းပရာ ထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့၏ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများသည် ပြည်ပမှဂြိုဟ်တုများကို ငှားရမ်းသုံးစွဲနေရသည့် အတွက် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံခြားငွေများကိုသုံးစွဲနေရကြောင်း၊ MyanmarSat-2 ဂြိုဟ်တု ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် လွှတ်တင်ပြီး အောက်တိုဘာလတွင် ဂြိုဟ်တုချန်နယ် 864 MHz ကို နည်းပညာအသစ်ဖြင့် အရည်အသွေးကောင်းမွန်စွာ ရရှိအသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်က အကုန်အကျခံထားသော မိမိတို့၏ MyanmarSat-2 ဂြိုဟ်တုချန်နယ် များကို ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများက တစ်စုတစ်ဝေးတည်း အသုံးပြုကြခြင်းဖြင့် ပြည်ပနိုင်ငံမှဂြိုဟ်တုများကို ငှားရမ်းအသုံးပြုမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျော့ချနိုင် ကာ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဂြိုဟ်တုချန်နယ် အများဆုံးအသုံးပြုသော ရွှေသံလွင်ကုမ္ပဏီနှင့် Forever ကုမ္ပဏီတို့အား အသုံးပြုကြ စေလိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်ကုမ္ပဏီများဖြစ်သော ရွှေသံလွင်ကုမ္ပဏီနှင့် Forever ကုမ္ပဏီတို့ကို MyanmarSat-2 ဂြိုဟ်တုချန်နယ်များအား ငှားရမ်းအသုံးပြုကြစေလိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များက ထရန်စပွန်ဒါငှားရန်းရေး ကိစ္စများနှင့်ပတ်သက်၍ အသီးသီးဝိုင်းဝန်း ဆွေးနွေး အကြံပြုကြပြီး အစည်းအဝေးကို နေ့လည် ၃:၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ​​​​​​​