စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အာဖရိကဝက် အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းမှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အာဖရိကဝက် အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းမှု

Ministry of Information/ ​နေပြည်တော် / March 13, 2019
image_latest


(မြန်မာနိုင်ငံမှာ မဖြစ်ပွားသေးသော်လည်း ရောဂါအချိန်မရွေး ဝင်ရောက်လာနိုင်တဲ့ အတွက်ကြောင့် ဒီရောဂါကို အသင့်အနေထားနဲ့ ရောဂါကာကွယ်ရေး ကြိုတင်ပြင်ဆင် မှုတွေနဲ့ စောင့်ကြည့် လျက်ရှိပါတယ်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အာဖရိကဝက် အပြင်း ဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားမှုများနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြအပ်ပါသည်။

မေး။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အာဖရိက ဝက်အပြင်း ဖျားရောဂါနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန် ထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးသိရှိပါရစေ။

ဖြေ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့အိမ်နီးချင်း တရုတ်နိုင်ငံ မှာ ရောဂါဖြစ်ပွားကြောင်း တွေ့ရှိရတာကြောင့် မြန်မာနိုင်ငံကို ရောဂါမကူးစက်လာစေဖို့ အာဖရိကဝက်အပြင်းဖျား ရောဂါကြိုတင်ကာကွယ်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေ (၁၇/၉၃) အရ ပထမဦးစွာ ဒီရောဂါကို (ခ) စာရင်းဝင် ကူးစက်ရောဂါ အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မဖြစ်ပွားသေးသော်လည်း ရောဂါအချိန်မရွေးဝင်ရောက်လာနိုင်တဲ့ အတွက်ကြောင့် ဒီရောဂါကို အသင့်အနေထားနဲ့ ရောဂါကာကွယ် ရေးကြိုတင်ပြင်ဆင် မှုတွေနဲ့ စောင့်ကြည့်လျက် ရှိပါတယ်။

မေး။ ။ မွေးမြူရေးနှင့်ကုသရေးရဲ့ ရည်ညွှန်းချက်စာနဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကိုကန့်သတ်ကြောင်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးသိပါရစေ။

ဖြေ။ ။ တရားမဝင် ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေကို သယ်ဆောင်ခြင်းနဲ့စားသုံးဖို့ တစ်နိုင်တစ်ပိုင် သယ်ယူခြင်းတွေကနေ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်ဖို့အတွက် ညှိနှိုင်း အကြောင်းကြားရခြင်းဖြစ်ပါတယ်။

တရုတ်၊ ဗီယမ်နမ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံတို့က ဝက်နဲ့ ဝက်ထွက်ပစ္စည်း (ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်း) တွေကို လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်တွေကနေ မဝင်ရောက်လာစေဖို့ အတွက် မတ် ၅ ရက်မှာ လေဆိပ်ပူးပေါင်းညှိနှိုင်းရေး ကော်မတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အကောက်ခွန်ဦးစီးဌာန တွေကို အကြောင်းကြားထားပြီး တားဆီး ကန့်သတ်ခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက် လေဆိပ်ခန်းမမှာ ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အခြား ဝက်ထွက်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်ခွင့်မပြုကြောင်းကို Notifiable Screen Advertisement မှာ ၁၀ မိနစ် တစ်ခါနှုန်းနဲ့ Slide show ပြသပြီးတော့ အသိပညာ ပေးလုပ်ဆောင်လျက်ရှိပါတယ်။

မေး။ ။ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း အာဖရိက ဝက်အပြင်းဖျား ရောဂါဖြစ်ပွားနေတဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့ရော ကြိုတင်ပြီး ဘာတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဝက်ရောဂါ စူးစမ်းလေ့လာရေးသင်တန်းကို အန္တရာယ်အလားအလာ မြင့်မားတဲ့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးက ဝန်ထမ်းတွေကို သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။

ဝက်ရောဂါ စူးစမ်းလေ့လာခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခုမှာဆောင်ရွက် လျက် ရှိပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးခြင်း awareness တွေအတွက် လက်ကမ်းစာစောင် တွေကို ဖြန့်ဝေထားပါတယ်၊ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေကဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ယာယီ တားမြစ် ပိတ်ပင်ထားပြီးတော့ ရောဂါဖြစ်ပွားခြင်း မရှိသေးတဲ့ နိုင်ငံတွေကသာလျှင် လိုအပ်ချက်အရ တင်သွင်းခွင့်ကို စိစစ်ခွင့်ပြုလျက် ရှိပါတယ်။ ပြီးတော့ နယ်စပ်ဒေသကုန်သွယ်ရေး ဝင်ပေါက်/ ထွက်ပေါက် တွေမှာ စစ်ဆေးကြီးကြပ်ခြင်းတွေ ပိုမိုအားကောင်းလာစေဖို့ တိုးမြှင့်ဆောင်ရွက်သွားရပါမယ်။

မေး။ ။ စားသုံးသူ ပြည်သူတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါ့ကြောင် အာဖရိက ဝက်အပြင်းဖျား ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုကူးစက်တယ်ဆိုတာသိပါရစေ။

ဖြေ။ ။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကနေ အာဖရိကဝက်အပြင်းဖျား ရောဂါဟာ လူကို ကူးစက်တတ်သောရောဂါမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါသည် လူကို မကူးစက်နိုင်ပါဘူး။ ဒီရောဂါဟာ တိရ္ဆာန်တွေမှာ သာဖြစ်ပွားတဲ့ ရောဂါဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ရောဂါကူးစက်မှာကို စိုးရိမ်ဖို့ မလိုပါဘူး။

ဒီရောဂါဟာ ဝက်အုပ်စုအတွင်း ကူးစက်ကျရောက်ရင် ရောဂါကူးစက်ခံရတဲ ဝက်အားလုံးသေစေ နိုင်ပြီးတော့ သေဆုံးနှုန်း ၁၀၀ ရာခိုင်နှုန်းရှိတာကြောင့် ဝက်မွေးမြူသူတွေရဲ့ စီးပွားရေးကို ဆုံးရှုံး ထိခိုက်စေပါတယ်။

အဓိကအနေနဲ့ ဒီရောဂါဟာ ရောဂါကူးစက်ခြင်းခံရတဲ့ဝက်၊ အညစ်အကြေး၊ ဝက်ထွက် ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားလိုကြားခံလက်ခံကောင် တွယ်ခြင်းကိုက်ခြင်း၊ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ ဆေးထိုးအပ်၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ယင်တို့ကတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းတို့ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အေးခဲဝက်သားတွေနဲ့ ထိတွေ့မိခြင်းကနေ ကူးစက်နိုင်ပါ တယ်။ ဝက်တွေမှာကတော့ ရောဂါလက္ခဏာတွေက ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြား အနာဖြစ်ခြင်း၊ အရေပြား (နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်ပူချိန်မမှန်ခြင်း၊ အစာ အနည်းငယ်သာစားခြင်း၊ အလေးချိန် လျော့ကျခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဇီးဝက် များမှာသားလျှောခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာ တွေ့ရခြင်း တို့ဖြစ်ပါတယ်။

ဒီရောဂါဟာ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါတွေနဲ့ တခြားရောဂါတွေနဲ့ ရောဂါလက္ခဏာ ဆင်တာကြောင့် မျက်မြင်အားဖြင့် ရောဂါကိုအတည်ပြုမခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းပေးပို့စစ်ဆေးဖို့လို အပ်ပါတယ်။

မေး။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေက ရောဂါဖြစ်ပွား မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်လာတာမျိုးရှိပါသလား။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဘယ်လို ဆက်သွယ် ဆောင်ရွက်နေတယ်ဆိုတာနဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ကူးစက် ဖြစ်ပွားမှုမရှိအောင် ဘယ်လိုတွေဆောင်ရွက်နေ တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ OIE အဖွဲ့ကြီးက နောက်ဆုံးအခြေအနေတွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ အဖွဲ့ကြီးက နောက်ဆုံး အခြေအနေတွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်။

FAO အဖွဲ့က အာဖရိကဝက်ရောဂါဖြစ်ပွားမှု အခြေအနေတွေကို သတင်းပေးပို့ခြင်းနဲ့ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ရောဂါရှာဖွေရေးအတွက် နည်းပညာပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

ဒါ့အပြင် FAO က Dr.Lee Myers ကနေ မြန်မာနိုင်ငံအနေနဲ့ ASF ရောဂါကြိုတင်ကာကွယ်ရေးနဲ့ Contingency plan ရေးဆွဲရေးအတွက် လာရောက်ညှိနှိုင်းပြီး “Emergency preparedness training for African Swine Fever” သင်တန်းကို မတ် ၁ ရက်က နေပြည်တော်မင်္ဂလာသီရီဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မေး။ ။ ညွှန်ချုပ်ကြီးအနေနဲ့ ပြည်သူတွေသိရှိအောင်ဖြည့်စွက် ပြောကြားပေးချင်တာ ရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ ရောဂါဖြစ်ပွားလျက်ရှိတဲ့နိုင်ငံတွေက ခရီးသွားလာသူတွေအနေနဲ့ တစ်နိုင်တစ်ပိုင် စားသောက်ဖို့ ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ သယ်ဆောင်မလာဖို့၊ မွေးမြူသူတွေအနေနဲ့ ကိုယ့်ဝက်ခြံ အတွင်း ကောင်းမွန်တဲ့ ဇီဝလုံခြုံမှုများပြုလုပ်ဖို လိုအပ်ပါတယ်။

တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူတွေအနေနဲ့ ကိုယ့်ရဲ့ဝက်တွေကို တခြားသောအိမ်မွေးဝက်၊ တောဝက်တွေနဲ့ မထိတွေ့စေဖို့နဲ့ အစာကြွင်းအစာကျန်တွေ ကျွေးမယ်ဆိုရင် ပြန်လည် ကျိုချက်သင့်ပါတယ်။

မီးဖိုချောင်ထွက် အသားအပိုင်းအစတွေကို အစာကြွင်းကျန်ထဲ မထည့်ဖို့နဲ့ အိမ်မွေးဝက်တွေ မကျွေးဖို့၊ တောဝက်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုဖို့၊ ဝက်တွေနေမကောင်းခြင်းနဲ့ ဝက်သေဆုံးမှုတွေကို ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ဝက်ခြံအတွင်းတွေ့ရှိရင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ်အကြောင်းကြားပေးဖို့နဲ့ ရောဂါနမူနာပစ္စည်းတွေကို ဓာတ်ခွဲခန်းတွေကို ပေးပို့ပေးဖို့ ပြောကြားလိုပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရှင်မင်း၊ ဓာတ်ပုံ - မွှေးကြူ

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •