တတိယ (၁)နှစ်တာအတွင်း စိုက်ထူနိုင်ခဲ့သော မကွေးတိုင်းဒေသကြီး၏ အောင်မြင်မှုပန်းတိုင် များ

တတိယ (၁)နှစ်တာအတွင်း စိုက်ထူနိုင်ခဲ့သော မကွေးတိုင်းဒေသကြီး၏ အောင်မြင်မှုပန်းတိုင် များ


Ministry of Information/ ​နေပြည်တော် / May 02, 2019
image_latest


ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရ၏ အရှိန်အဟုန်ပြင်းပြင်းဖြင့် လျှောက်လှမ်းနေသည့် ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များတွင် ပြောင်းလဲ မှုများစွာ၊ တိုးတက်မှုများစွာ၊ အောင်မြင်မှုများစွာနှင့် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့သည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ပြည်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုတို့ကို အချိုးကျစွာ ပြောင်းလဲတိုးတက်လာနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် တတိယ (၁)နှစ်တာ ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

သမိုင်းမှတ်တိုင်များ

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဟန်ချက်ညီညီ တိုးတက် ပြောင်းလဲအောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများသည် မည်သူမျှ ငြင်းပယ်၍ မရသော ခိုင်မာသည့် သမိုင်းမှတ်တိုင်များဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း (၂၁၈၇/၅) မိုင် ၅၄၄ ပေကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းမိုင် (၄၅၄/၃)မိုင် ပေ ၄၆၀ ကို ပုဂ္ဂလိက ကုမ္ပဏီ ခြောက်ခုမှ B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီးလမ်းဦးစီးဌာန အောက်တွင် ခရိုင်ငါးခု၊ လမ်း၊ တံတားအထူးအဖွဲ့ သုံးခုရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေ ရရှိမှုပေါ်မူတည်၍ လမ်း၊ တံတားများ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့် တင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ပြင်/ထိန်းရန်ပုံငွေ ၁၅၀၇၀ ဒသမ ၅၄၄ သန်းနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ပြင်ထိန်းရန်ပုံငွေ ၁၆၉၆၇၇ ဒသမ ၅၂ သန်း စုစုပေါင်း ၁၈၄၇၄၈ ဒသမ ၀၆၄ သန်း ရရှိခဲ့ပြီး ကတ္တရာ လမ်းသစ်ခင်းခြင်း၊ ကတ္တရာ ကွန်ကရစ်ခင်းခြင်း၊ ကတ္တရာ လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း၊ ကျောက်ခင်း ခြင်း၊ အမာခံလမ်းခင်းခြင်း၊ မြေသားတာပေါင် တိုးချဲ့ခြင်း၊ တံတား တည်ဆောက်ခြင်းနှင့် ကွန်ကရစ်ရေပြွန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်ပင်သာယာရေးဦးစီးဌာနသည် အဖွဲ့ရန်ပုံငွေကို အသုံးပြု၍ အဖွဲ့ဆောင်ရွက်မှု အနေဖြင့်လမ်း ၁၂၀/၅ ဒသမ ၆၂ မိုင်၊ တံတား ၆၈၂ ခု၊ ရေပေးရေး ၃၆၇ ခုနှင့် အခြား ဆောင်ရွက်မှု ၇၆ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။

တင်ဒါစနစ်ဖြင့် လမ်း ၂/၄ ဒသမ ၂၅ မိုင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ငွေကို အသုံးပြု၍ လမ်း ၁၇/၂ ဒသမ ၂၇ မိုင်၊ တံတား၊ ရေမြောင်း ၁၈၁ ခု၊ ရေပေးရေး ၁၉ ခု၊ အခြားဆောင်ရွက်မှု ၃၆ ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး တင်ဒါစနစ်ဖြင့် တံတား၊ ရေမြောင်း ၆၆ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

သဘာ၀ဘေး

တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၄၅၀ ဖြင့် သောင်တူးခြင်း လုပ်ငန်းများ၊ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် သန်း ၁၅၅၂ ဒသမ ၉၁ ၊ အထွေထွေပိုလျှံ ရန်ပုံငွေကျပ် ကျပ် ၃၄၀ ဒသမ ၉၃၈ သန်းနှင့် အခွန်ဝေစုရငွေကျပ် ကျပ် ၃၈၀ ဒသမ ၄၂ သန်းတို့ဖြင့် ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များ၊ သဘာ၀ဘေး ရန်ပုံငွေကျပ် သန်း ၉၀ နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၁၃၆ ဒသမ ၇၅ သန်းတို့ဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အကျိုးကျေးဇူးများ

မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည့်လမ်း၊ တံတား လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း လမ်း၊ တံတား များကို အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် တစ်နှစ်ထက် တစ်နှစ် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစွာ၊ ပိုမို လွယ်ကူချောမွေ့စွာဖြင့် အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ခြင်း၊ ကုန်စည်လည်ပတ် စီးဆင်းမှု ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခံစားနေရပြီ ဖြစ်သည်။

စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အဆင့်မြင့် လယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းကို ဆည်ရေသောက် ဧရိယာများတွင် ဖော်ထုတ်ပေးခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ် ၁၇၅ ဒသမ ၇၅ သန်းဖြင့် မြို့သစ်မြို့နယ် ကိုရံတောင်အုပ်စုတွင် ဧက ၁၀၀ နှင့် မင်းဘူးမြို့နယ် ကုလားပါးကျေးရွာအုပ်စုတွင် ဧက ၂၀၀ စုစုပေါင်းဧက ၃၀၀ ဖော်ထုတ်ပေးနိုင်ခဲ့ပြီး တောင်သူများ လယ်ယာသုံးစက်ကိရိယာများ ပိုမိုပိုင်ဆိုင်အသုံးပြုနိုင်ရန် အတွက် ဌာနလက်ငင်းစနစ်၊ ဌာနအရစ်ကျစနစ်၊ ကနဦးပေးသွင်းငွေ ၁၀ ရာခိုင်နှုန်းဖြင့် ဌာနနှင့် ပုဂ္ဂလိက ပူးပေါင်း ရောင်းချပေးသည့် စနစ်များဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ထွန်စက်ကြီး ၂၆ စီး၊ လက်တွန်းထွန်စက် ၅၆၆ စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် နှစ်စီးတို့ကို ဖြန့်ဖြူးရောင်းချပေး နိုင်ခဲ့သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ်သန်း ၁၀၀ ဖြင့်ရေစကြိုမြို့နယ် ရေစကြို-တမာတန်းတာ ပြုပြင်ခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိရာ ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ပထမ ခြောက်လတွင် ငွေကျပ် ၁၀၅၈ ဒသမ ၉၇၆ သန်းဖြင့် လုပ်ငန်း ၄၅ ခု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂၁၂၀ ဖြင့် လုပ်ငန်း ၁၁၆ ခု ဆောင်ရွက်လျက်ရှိရာ ၇၆ ခုကို ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်သည်။

ဆောင်ရွက်လျက်ရှိ

ထို့ပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ငွေလုံးငွေရင်းမှ ငွေကျပ်သန်း ၅၆၉ ဖြင့် အကူရေပိုလွှဲ တည်ဆောက်ခြင်း Approach Portion မြေကြီးလုပ်ငန်း၊ Crest Portion Walling များကို (RL- 560') အထိနှင့် Approach Portion Walling များကို (RL-540') များကို (RL-၅၄ဝဒ) အထိ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းမှ ငွေကျပ်သန်း ၇၅၀ ဖြင့် ရေပိုလွှဲ ရေကျအမှတ်(၂) ပြုပြင်ခြင်းလုပ်ငန်း၊ အကူရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းတွင် Approach Portion Walling များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေပိုလွှဲ ရေကျအမှတ်(၂) ပြုပြင်ခြင်း လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး Coffer Dam မြေဖို့ခြင်းလုပ်ငန်း၊ Basin မြေဖို့ခြင်းလုပ်ငန်းနှင့် ရေစုပ်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဆည်နှင့်ကျေးလက်ဆည်ကန်များ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ပထမ(၆)လတွင် ငွေကျပ် ကျပ် ၄၂၁၇ ဒသမ ၄၈၉ သန်းဖြင့် ဆည်၊ ကန်၊ တမံနှင့် ရေသောက်စနစ်လုပ်ငန်း ၁၂၁ ခုနှင့် ဒေသခံ ဆည်၊ ကန်၊ တမံများ ပြုပြင် တည်ဆောက် ခြင်းလုပ်ငန်း ၆၃ ခု စုစုပေါင်းလုပ်ငန်း ၁၈၄ ခု၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၅၅၇၂ ဒသမ ၉၂၁ သန်းဖြင့် ဆည်၊ ကန်၊ တမံနှင့် ရေသောက် စနစ်လုပ်ငန်း ၁၂၁ ခုနှင့် ဒေသခံဆည်၊ ကန်၊ တမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၆၆ ခု စုစုပေါင်းလုပ်ငန်း ၁၈၇ ခု၊ အခွန်ဝေစုရငွေမှ ငွေကျပ် ၅၉၃ ဒသမ ၀၂၀၄ သန်းဖြင့် လုပ်ငန်း ၂၄ ခု၊ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ ငွေကျပ် သန်း ၃၀ ဖြင့် လုပ်ငန်းတစ်ခု စသည်တို့ကို ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းလုပ်ငန်း ၂၁၂ ခု အနက် လုပ်ငန်း ၅၇ ခုကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ သည်။

၎င်းအပြင် ကြီးအုံကြီး၀ရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ(ငွေလုံးငွေရင်း) မှ ငွေကျပ်သန်း ၂၅၀ ဖြင့် အကူရေပိုလွှဲ အကျယ်ပေ ၄၅၀ မှ အကူရေပိုလွှဲ တိုးချဲ့အပိုင်း အကျယ်ပေ ၂၀၀ ကို ကန်ရေပြည့် မှတ်မရောက်မီ ရေကြိုတင် ထုတ်ယူနိုင်ရန်အတွက် RL-340’ မှ လေးပေနိမ့်ချ၍ RL-336’ ထိ မြေပြင်နှိမ့်ချခြင်းလုပ်ငန်းကို ပြင်ပကုမ္ပဏီဖြင့် ဆောင်ရွက်လျက်ရှိသည်။

အကောင်အထည်ဖော်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးနှင့် ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ရေးတွက် ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက်မှစ၍ ကျေးလက်ကုန်ထုတ်လမ်း ၇ မိုင် (၅ ဒသမ ၁၈)ဖာလုံနှင့် ကျေးလက်ကုန်ထုတ် တံတားသုံးစင်းကို စုစုပေါင်းငွေကျပ်သန်း ၂၀၄ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ကုန်ထုတ်လမ်း ၂၁ မိုင် ၅ ဒသမ ၉ ဖာလုံနှင့် ကျေးလက်ကုန် ထုတ်တံတား ၁၂ စင်းကို ငွေကျပ် ၇၇၀ ဒသမ ၈၇၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက်အထိ ကျေးလက်ရေပေးရေး လုပ်ငန်းပေါင်း ၄၄၃ ခုကို ခွင့်ပြုငွေကျပ် ၄၅၈၇ ဒသမ ၈၁၈၉ သန်းဖြင့် ကျေးရွာပေါင်း ၄၃၁ ရွာရှိ အိမ်ခြေပေါင်း ၆၆၃၈၈ အိမ်နှင့် လူဦးရေပေါင်း ၃၁၉၂၁၀ တို့အတွက် အကျိုးပြုခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေ ပေးရေး လုပ်ငန်းပေါင်း ၁၂၃ ခုကို ခွင့်ပြုငွေကျပ်၂၃၆၀ ဒသမ ၆၀၄ သန်း ဖြင့် ကျေးရွာပေါင်း ၁၂၃ ရွာကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများ လျှပ်စစ်ဓာတ် အားပြည့်ဝစွာရရှိနိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက်ဖြင့် လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၈ ခုနှစ် (၆)လတွင် ငွေကျပ် ၁၀ ဘီလီယံခန့်ဖြင့် ၁၁ ကေဗွီလိုင်း (၁၀၃ ဒသမ ၈၃) မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီထရန်စဖော်မာ အလုံး ၁၀၀ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄၇ ဒသမ ၈၇၁) မိုင် တိုးချဲ့ တည်ဆောက်၍ ကျေးရွာပေါင်း ၁၀၄ ရွာ လျှပ်စစ် ဓာတ်အားရရှိရေးဆောင်ရွက်ခြင်း၊ ၆ ဒသမ ၆ ကေဗွီစနစ်မှ ၁၁ ကေဗွီစနစ်သို့ ပြောင်းလဲဓာတ် အားပေးနိုင်ရေးအတွက် ၆၆/၁၁ ကေဗွီ(၅) အမ်ဗွီအေ သရက်ဓာတ်အားခွဲရုံတို့ကို တည်ဆောက်ပေးခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးမှု စနစ် ကောင်းမွန်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်။

တိုးမြှင့်ဖွင့်လှစ်ပေး

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများကို ကျောင်းအဆင့် တိုးမြှင့်နိုင်ရေးအတွက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၄၇ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၁၄၃ ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း ၄၁၇ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၁၈၇ ကျောင်း၊ အခြေခံပညာမူလတန်း (လွန်)ကျောင်း ၁၄၈ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၈၅ ကျောင်း၊ အခြေခံပညာမူလ တန်းကျောင်း (ခွဲ) ၂၇ ကျောင်း တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြိုင်မြို့နယ် တိုင်းရင်းဆေး ကုဌာနတွင် ဝန်ထမ်းအိမ်ရာ သုံးခန်းတွဲ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ပြီးစီးခဲ့ပြီး ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာန မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းနှင့် ထီးလင်းမြို့နယ် တိုင်းရင်းဆေး ကုဌာန ခြံစည်းရိုးကာရံခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့သည်။

ထောက်ပံ့ပေးနိုင်

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျေးလက်ကျန်းမာရေးဌာန ကျေးလက် ကျန်းမာရေးဌာနခွဲများ အတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၇၁၁ ဒသမ ၇၆၁ သန်းဖြင့် ဆေးဝါးများဝယ်ယူ ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ဆရာဝန်များ၊ တိုက်နယ် ဆရာဝန်များ၊ လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေး ဆရာမ များ၊ ကျန်းမာရေးကြီးကြပ်အဆင့်(၁)များ၊ သားဖွား ဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၂) များကို ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားတိုးတက်လာရန်နှင့် အချိန်နှင့် တစ်ပြေးညီ ရောဂါကုထုံးများ လေ့လာနိုင်ရန် အတွက် (Mobile Tablet) စုစုပေါင်း ၂၇၄၅ လုံးကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ နှစ်ခုကို ကျေးလက်ကျန်းမာရေး ဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျေးလက်ကျန်းမာရေး ဌာနခွ ၁၄ ခုကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ၂၀၁၈ - ၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီးအတွင်း တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့ငွေအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၅ ဖြင့် မကွေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်ရန် ခရိုင်များမှ အဆိုပြု တင်ပြလာသည့်လုပ်ငန်းများကို အတည်ပြုပေး နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း မှု အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျေးရွာ ၂၉ ရွာ တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့သည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၏ တတိယ (၁)နှစ်တာ ကာလအတွင်း ထင်ရှား သည့် ဆောင်ရွက်မှုများ အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၁၇ - ၂၀၁၈ ဘိန်းစိုက်ရာသီတွင် ဒုတိယအကြိမ် ဘိန်းစိုက်ခင်း ၅၅ ဒသမ ၈ ဧက၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက် မှ ၉ ရက်အထိ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘိန်းစိုက်ရာသီတွင် ပထမအကြိမ် ဘိန်းစိုက်ခင်း ၁၈ ဧကနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် သရက်ခရိုင် မင်းလှ မြို့နယ်အတွင်း ၂၀၁၈ -၂၀၁၉ ဘိန်းစိုက်ရာသီတွင် ဒုတိယအကြိမ် ဘိန်းစိုက်ခင်း ၂၈ ဒသမ ၁၄ ဧကတို့ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့များနှင့် ပူးပေါင်း ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့သည်။

ဖြေလျှော့ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဝန်ဆောင်မှု OSS ရုံးများ ဖွင့်လှစ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ဌာနတစ်ခုချင်းသို့ တစ်နေရာစီ သွားရောက်ရန်မလိုဘဲ လုပ်ငန်းများကို တစ်နေရာတည်းတွင် ထိရောက်သော ဝန်ဆောင်မှုများဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင် သည့်အတွက် အချိန်ကုန်သက်သာသည့် နည်းလမ်းများဖြင့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့မှုများတွင် ဂျပန်နိုင်ငံဆီကြိတ် စက်ရုံမှ လာရောက်၍ မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် နှမ်းဆီကို အမေရိကန်နှင့် ဥရောပနိုင်ငံများ သို့ အရည်အသွေး ပြည့်မီစွာ တင်ပို့ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပညာရေးဌာနအနေဖြင့် မင်းဘူး၊ ပခုက္ကူနှင့် ဆောမြို့နယ်များတွင် KG ဆောင် ၅ ဆောင်အတွက် ငွေကျပ် ၅၃ ဒသမ ၈၈၆ သန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၆၁ ဒသမ ၆၅၈ သန်းကို Save the Children ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံ(JICA) အစီအစဉ်ဖြင့် ပွင့်ဖြူမြို့နယ်တွင် ကျောင်းဆောင် ခုနစ်ဆောင်၊ စေတုတ္တရာမြို့နယ်တွင် ကျောင်းဆောင် ခုနစ်ဆောင်၊ အောင်လံ မြို့နယ်တွင် ကျောင်းဆောင် ငါးဆောင်၊ ပခုက္ကူ မြို့နယ်တွင် ကျောင်းဆောင် နှစ်ဆောင်၊ ဂန့်ဂေါ မြို့နယ်တွင် ကျောင်းဆောင် နှစ်ဆောင်စုစုပေါင်းကျောင်းဆောင် ၂၃ ဆောင်ကို ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အခွန်ဝေစု ရန်ပုံငွေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေဂရန် အမှုတွဲများ ဆောင်ရွက်ရာ တွင် လုံခြုံမှု အဆင့်အတန်း ပိုမိုကောင်းမွန်ရန်အတွက် Panasonic Document Scanner နှင့် Drive Computer Intel Core i7 Computer System (7th Gen) တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွက် တစ်စုံ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနအတွက် (၁)စုံနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများအတွက် တစ်ခရိုင်လျင် တစ်စုံ စုစုပေါင်း ခုနစ်စုံဝယ်ယူရန် ငွေကျပ် ၂၁၈၄၇၀၀၀ နှင့် နတ်မောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးကျောက်စီ မြေထိန်း နံရံတည်ဆောက်ရာတွင် ကုန်ကျမည့် ငွေကျပ် ၃၅၄၅၆၀၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အခွန်ဝေစု ရန်ပုံငွေဖြင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် တိုင်းဒေသကြီး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေးစီမံချက်များဖြင့် ဆောင်ရွက်ပေးခဲ့ မှုသည် ရပ်ကွက် ၂၀၈ ရပ်ကွက်နှင့် ကျေးရွာ ၂၅၇၃ ကျေးရွာမှ အခြေခံ ပညာကျောင်း ၁၃၁၂ ကျောင်းတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၉၅၃၅ ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၈၁၇၈ ဦး စုစုပေါင်း ၂၀၇၇၁၃ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ သုံးနှစ်တာ ကာလ အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနိုင်မှုသည် ၆၈ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မျက်ဝါးထင်ထင်

တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ သောက်သုံး ရေဖူလုံစွာရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင် တည်ဆဲဥပဒေများအရ ရရှိနိုင်သည့် အခွင့်အရေးများ၊ ကာကွယ်ပေးမှုများကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အပြည့်အဝ ခံစားခွင့် ရရှိရေးအတွက် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ပုံရိပ်များနှင့် အောင်မြင်မှုမှတ် တိုင်များကို မျက်ဝါးထင်ထင် တွေ့မြင်ရပေသည်။

ပြည်သူ့အစိုးရ၏ ကဏ္ဍအလိုက်၊ ဒေသအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုနှင့် အောင်မြင်မှု မှတ်တိုင်များသည် ငြိမ်းချမ်း သာယာပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်ရန် အရှိန်အဟုန်ပြင်းပြင်း ဖြင့် လျှောက်လှမ်းနေသော ခြေလှမ်းသစ်များဖြစ်သည့်အတွက် မဝေးတော့သည့် အနာဂတ် ကာလတွင် မိမိတို့ အားလုံးမျှော်မှန်းသည့် ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု ယုံကြည် လျက်ရေးသားတင်ပြ လိုက်ပါသည်။ ။

သတင်းဆောင်းပါး - မော်စီ၊ ဓာတ်ပုံ - ခန့်မော်ဦး