နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍ၌ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည့် တပ်မတော်

နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍ၌ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည့် တပ်မတော်


Ministry of Information/ ​နေပြည်တော် / May 02, 2019
image_latest


ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏သက်တမ်းမှာ သုံးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့ အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန် နေရဆဲလုပ်ငန်း စဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဦးလည်မသုန် စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းရွက်ခဲ့သည့်နည်းတူ လက်ရှိအစိုးရ လက်ထက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍ၌ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်ပြည်သူကို အပြည့်အဝ ကာကွယ် စောင့်ရှောက်နိုင်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝသည့် ခေတ်မီမျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်ရေးကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိ (၁၂)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး 12th ASEAN Defence Ministers’ Meeting-ADMM) နှင့်(၅)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (5th ASEAN Defence Ministers’ Meeting-Plus) များသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးတို့ကို အထောက်အကူ ဖြစ်စေမည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ (၈)ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် 8th Beijing Xiangshan Forum) သို့ တက်ရောက်ခဲ့ပြီး ကမ္ဘာ့လုံခြုံရေးဆိုင်ရာများကို သိရှိနားလည်ပြီး စိန်ခေါ်မှုများအပေါ် ကိုင်တွယ် ဖြေရှင်းနိုင်ရေး ရှုမြင်သုံးသပ်မှုများ၊ ဒေသတွင်းတည်ငြိမ်ငြိမ်းချမ်းရေးနှင့် ချမ်းသာ၀ပြောခြင်း တို့ကို အထောက်အပံ့ဖြစ်စေမည့် နိုင်ငံပေါင်းစုံပါဝင်သည့် အနာဂတ်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မြဲစေရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် United Nations Country Task Force on Monitoring and Reporting (UN CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်း စီမံချက် ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီ ကိုအဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် CTFMR တို့ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးမှုများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် နှစ်ကြိမ်၊ ရန်ကုန်မြို့တွင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီး Monitoring Visit အနေဖြင့် ခြေလျင်/ခြေမြန် တပ်ရင်းနှစ်ရင်း၊ လက်ရုံး/ဝန်ထမ်း နှစ်တပ်တို့သို့ သွားရောက်ခဲ့ပါသည်။ တိုင်းစစ်ဌာနချုပ်များ အစီအစဉ် ဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆင့်ပွား သင်တန်း များကို အရာရှိ ၁၅၂၀ နှင့် အခြားအဆင့် ၆၁၆၃ ဦး တို့အားပို့ချခဲ့ပြီး ဆက်လက်၍လည်း တိုင်းစစ်ဌာနချုပ်အလိုက် နှစ်လတစ်ကြိမ် ဖွင့်လှစ်လျက်ရှိပါသည်။ တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရသည့် စစ်သည် ၇၅ ဦးကို၂၀၁၈ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် တပ်မတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ နုတ်ထွက်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများထံသို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ အခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထပ်မံစိစစ်တွေ့ရှိရသည့် စစ်သည် ၃၂ ဦးကိုလည်း ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် မိဘ၊ အုပ်ထိန်းသူများထံသို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ အခမ်းအနားဖြင့် ထပ်မံလွှဲပြောင်းပေးပြီး ဖြစ်ပါသည်။ တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေး သူများ မပါရှိစေရေးအတွက် အရိုးဓာတ်မှန်ဖြင့် အသက်အရွယ်ပိုင်းခြားခြင်းစနစ်ကို အသုံးပြု၍ လည်း တပ်သားလောင်း ၁၆၃၆ ဦးတို့ကို စစ်ဆေးနိုင်ခဲ့မှုတို့ကြောင့် တတိယတစ်နှစ်တာ ကာလအတွင်း စုဆောင်းမှု နည်းလမ်းမမှန်ဘဲ မှားယွင်းစုဆောင်းခဲ့သည့်ဖြစ်စဉ်များ ပေါ်ပေါက် ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်း ခြင်းမှ တားဆီးကာကွယ်ရေးကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် UN CTFMR နှင့်ပူးပေါင်း၍ Plan of Action စာချုပ်ပါအတိုင်း တိတိကျကျလိုက်နာဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် CTFMR မှ National Campaign Materials တစ်ရပ် နောက်တစ်ကြိမ် ဆောင်ရွက်နိုင်ရေး အဆိုပြုလာမှုကိုလည်း ခွင့်ပြုပေးခဲ့ပြီး ၂၀၁၇ ခုနှစ် မေ ၉ ရက်မှစ၍ နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ထုတ်လွှင့်ပေးခဲ့ပြီး သတင်းစာများတွင်လည်း ပညာပေး ကြော်ငြာထည့်သွင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းခံရသူများ စစ်မှုထမ်းဆောင်နေခြင်း လုံးဝမရှိစေရေး ဖော်ထုတ်လျက်ရှိပြီး မြန်မာ့ တပ်မတော်အား ကလေးစစ်သား အသုံးပြုသည့်စာရင်းမှ ပယ်ဖျက်ခွင့်ရရှိရေး မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့(CTFMR) နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

တပ်မတော်အနေဖြင့် သဘာ၀ဘေး အန္တရာယ်ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်း ခြင်း မပြုဘဲ အလျင်မြန်ဆုံး သွားရောက် ကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတကာ တပ်မတော်များနည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် သဘာ၀ဘေး အန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အလေးအနက်ညွှန်ကြားထားပြီး လိုက်နာဆောင်ရွက် လျက်ရှိပါသည်။

တပ်မတော်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း နှင့် ဆည်/ရေလှောင်တမံ ကျိုးပေါက်ခြင်းစသည့် သဘာ၀ဘေး အန္တရာယ်များ ကျရောက်လာသည့် အချိန်တိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သကဲ့သို့ တပ်မတော် မိသားစုဝင်များကလည်း ငွေကြေး၊ စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တပ်မတော်မှလုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု ၂၁၄ စုကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ဘုန်းကြီးကျောင်း လေးကျောင်း၊ အိမ်ခြေ ၄၆ လုံးတို့ကို ရှင်းလင်း ပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၄၉ သိန်းကျော် ထောက်ပံ့ပေး နိုင်ခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတို့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးသင့်ပြည်သူ များကို တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု ၉၇၉ စုကို ကူညီရွှေ့ပြောင်း ပေးခြင်း၊ ဘုန်းကြီးကျောင်း ခြောက်ကျောင်း၊ အိမ်ခြေ ၉၆ လုံးတို့ကို ရှင်းလင်းပြုပြင် ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၆ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက် အအုံများ၊ အစိုးရ အဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရာ တပ်မတော်မှ အိမ်ထောင်စု ၁၀၂၀ စုကို ကူညီရွှေ့ပြောင်း ပေးခြင်း၊ ဘုန်းကြီးကျောင်း ၁၈ကျောင်း၊ စာသင် ကျောင်း ၁၅ ကျောင်း၊ ဆေးရုံတစ်ရုံ၊ အိမ်ခြေ ၅၉၈ လုံးတို့ကို ရှင်းလင်းပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံရေးပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၄၅ သိန်း ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ သုံးနှစ်တာကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံများ၊ အစိုးရအဆောက်အအုံ များနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့၍ တပ်မတော်မှ အိမ်ထောင်စု ၂၂၄၁ စုကို ကူညီ ရွှေ့ပြောင်းပေးခြင်း၊ ဘုရားစေတီ ၉၅၀ ဆူ၊ ဘုန်းကြီးကျောင်း ၁၁၂ ကျောင်း၊ စာသင်ကျောင်း ၁၁၅ ကျောင်း၊ ဆေးရုံကိုးရုံ၊ အိမ်ခြေ ၅၉၉၉ လုံးတို့ကို ရှင်းလင်းပြုပြင်ပေးခြင်း၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း ကုန်တန်ချိန် ၁၉ ဒသမ ၅၀ တန်ကျော်အား တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ခေါက်ရေသုံးခေါက် သယ်ယူ ပို့ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၆ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ တပ်မတော်မှ အိမ်ထောင်စု ၁၈၃၄၇ စုကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ ဘုရားစေတီ နှစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ စာသင်ကျောင်း ၂၁ ကျောင်း၊ အိမ်ခြေ ၉၁ လုံးတို့ကို ရှင်းလင်းပြုပြင်ပေးခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ခေါက်ရေခြောက် ခေါက်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း ကုန်တန်ချိန် ၆ ဒသမ ၉၁ တန်ကျော် သယ်ယူပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၅ သန်းကျော် ထောက်ပံ့ပေး နိုင်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ အိမ်ထောင်စု ၃၀၁၉၈ စုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခြင်း၊ ဘုရားစေတီအဆူ ၃၀၊ ဘုန်းကြီးကျောင်း ၈၇ ကျောင်း၊ စာသင်ကျောင်း ၇၃ ကျောင်း၊ ဆေးရုံခြောက်ရုံ၊ အိမ်ခြေ ၁၁၈၂ လုံး တို့ကိုရှင်းလင်းပြုပြင်ပေးခြင်း၊ တပ်မတော်(လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ခေါက်ရေ ၄၇ ခေါက်၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းကုန်တန်ချိန် ၁၃၃ ဒသမ ၉၁ တန် သယ်ယူ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၅၂ သန်းကျော် ထောက်ပံ့ ပေးနိုင်ခဲ့ပါသည်။ ဆည်/ရေလှောင်တမံ ကျိုးပေါက်မှု၊ ရေတိုက်စားမှု တို့ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ရထားဝန်ထမ်း ၅၀ နှင့် ရထားစီး ခရီးသည် ၁၂၀၉ ဦးတို့ကို အပြန်အလှန် ပို့ဆောင် ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် စာသင်ကျောင်းသို့ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များ၊ သစ်ပင် သစ်ကိုင်းများနှင့် ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ လမ်းများပြုပြင်ပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။

သဘာ၀ဘေးအန္တရာယ် ကျရောက်စဉ် တပ်မတော်(ရေ)မှ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းကို စစ်ရေယာဉ် ၁၅ စင်းဖြင့် လူ ၁၅၉ ဦးအား ကယ်ဆယ်မှု ပြုလုပ်နိုင်ခဲ့ပါသည်။ မြောင်းမြကြိုးတံတား ပျက်စီးမှုကြောင့် ခရီးသွားလာရေး အခက်အခဲရှိသည့် ပြည်သူ ၅၅၅၂၃၇ ဦးကို ၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိတပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ် နှစ်စင်းဖြင့် ခေါက်ရေ ၁၂၄၃၂ ခေါက်သယ်ယူ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းကုန် တန်ချိန် ၆ ဒသမ ၉ တန်ကျော် ပို့ဆောင် ပေးနိုင်ခဲ့ပါသည်။ ထို့ပြင်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ သွားလာရေး လွယ်ကူအဆင်ပြေစေရေး အတွက် ခရီးသည် ၆၄၇၉ ဦးနှင့် ကုန်တန်ချိန် ၄ ဒသမ ၄၈ တန်ကျော်ကို တပ်မတော်(လေ)မှ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ခေါက်ရေ ၁၁၆ ခေါက်ပို့ဆောင်ပေး နိုင်ခဲ့ပါသည်။

ပင်လယ်ကမ်းရိုးတန်းသွား ဆေးရုံရေယာဉ် (သံလွင်)နှင့် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) အပါအဝင် ဆေးရုံရေယာဉ်နှင့် အကူရေယာဉ် စုစုပေါင်းလေးစင်းတို့ဖြင့်၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လအထိ ဆေးကုသမှု ငါးကြိမ်သွားရောက်ခဲ့ပြီး လူနာ ၃၉၃၅၂ ဦးကို ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရွေ့လျား ခွဲစိတ်ယာဉ်၊ ဓာတ်ခွဲယာဉ်၊ ဓာတ်မှန်ရိုက် ယာဉ်နှင့် သွားဆေး ကုသမှုယာဉ်များဖြင့် ပြည်သူလူထုအတွင်း အဖြစ်များသော ရောဂါများအား ဓာတ်မှန်၊ တယ်လီဗီးရှင်း ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ ECG တို့ဖြင့် စမ်းသပ်ရှာဖွေကုသပေးခြင်း၊ သွေးဖောက်စမ်းသပ် စစ်ဆေးခြင်း၊ အရေးပေါ် ခွဲစိတ်ကုသမှုများ၊ အကြီးစားခွဲစိတ်ကုသမှုများ၊ အသေးစား ခွဲစိတ်ကုသမှုများ၊ မျက်စိခွဲစိတ်ကုသမှုများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၃၀ ရက်အတွင်း ကျန်းမာရေးစောင့်ရှောက် မှု နှစ်ကြိမ်၊ ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ စုစုပေါင်း ၁၄၂၂၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်သည့် အကြိမ်အရေ အတွက် ၁၃၅၆ ကြိမ်၊ ဆေးဝါးကုသမှုခံယူ သည့် ဒေသခံပြည်သူ ၄၄၁၄၈၂ ဦးရှိခဲ့ပြီး ၎င်းတို့ အနက်မှ ၂၉၉၈ ဦးကို တပ်မတော်ဆေးရုံများသို့ ပြောင်းရွှေ့တက်ရောက် ဆေးကုသစေခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ချင်းပြည်နယ်နှင့် နာဂဒေသရှိ မြို့နယ်၂၂ မြို့နယ်တွင် တပ်မတော်မှ ပါရဂူ/ဆေးမှူး အရာရှိများဖြင့် ဆေးကုသမှု လုပ်ငန်းများနှင့် ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ပြင် ကျောင်းသားလူငယ်များ၏ အတန်းပညာသင်ကြားရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားပြည်သူများ ၏ ကျန်းမာရေး လိုအပ်ချက်များကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အာဆီယံအပေါင်း တပ်မတော်ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်အဖွဲ့များ၏ သုံးနှစ်တာ သက်တမ်း ပူးတွဲဥက္ကဋ္ဌတာဝန်ကို တပ်မတော်ဆေးတပ်ဖွဲ့နှင့် အိန္ဒိယနိုင်ငံဆေးတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် အဖွဲ့မှ ဒုတိယအကြိမ် အာဆီယံစစ်ဘက်ဆေးပညာ ညီလာခံ (2nd ASEAN Military Medicine Conference-2nd AMMC) ကို၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ Melia ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ပါသည်။ တက္ကသိုလ် များတွင် ပညာသင်ကြား လျက်ရှိသော ကျောင်းသား ကျောင်းသူများကို အခြေခံစစ်ပညာများအား သင်ကြားလေ့ကျင့် ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင် ကြသည့်အခါတွင် အထောက်အကူရရှိနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန် လာစေမည် ဖြစ်ပါသည်။

၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်များကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ အမှတ်(၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် တပ်ဖွဲ့ဝင် ၁၈၂၀၁ ဦး၊ အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် တပ်ဖွဲ့ဝင် ၁၀၈၅၄ ဦးနှင့် အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင် တပ်ဖွဲ့ဝင် ၅၁၉၀ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၄၂၄၅ ဦး တို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါသည်။ ၂၀၁၈- ၂၀၁၉ ခုနှစ် တက္ကသိုလ်ပညာ သင်နှစ်တွင် အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေး တပ်တွင် တပ်ဖွဲ့ဝင် ၁၉၅၄ ဦး၊ အမှတ်(၂)တက္ကသိုလ်လေ့ကျင့် ရေးတပ်တွင်တပ်ဖွဲ့ဝင် ၉၀၁ ဦး၊ အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေး တပ်တွင် တပ်ဖွဲ့ဝင် ၄၇၉ ဦး၊ အမှတ်(၄)တက္ကသိုလ် လေ့ကျင့်ရေး တပ်တွင် တပ်ဖွဲ့ဝင် ၆၂၇ ဦးနှင့် အမှတ်(၆) တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် တပ်ဖွဲ့ဝင် ၄၁၈ ဦး စုစုပေါင်း ၄၃၇၉ ဦးတို့ကို လေ့ကျင့်သင်ကြားပေး နိုင်ခဲ့ပါသည်။ သုံးနှစ်တာကာလအတွင်း တက္ကသိုလ် လေ့ကျင့်ရေးတပ်များတွင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၅၉၉၄ ဦးကို လေ့ကျင့်သင်ကြား ပေးနိုင် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေး တပ်နှင့် အောက်တိုဘာ ၂၂ ရက်တွင် တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းတို့၌ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသော တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များကို သွားရောက်တွေ့ဆုံ အမှာစကား ပြောကြား၍ ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်ပြီး တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းများနှင့် စစ်အခြေခံ လေ့ကျင့်ရေး တပ်များတွင် တက္ကသိုလ်ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၁၈၅၀ ကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်မှ ယနေ့အထိ တက္ကသိုလ်ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၉၀၄ ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာတက္ကသိုလ်များမှ ဆရာဆရာမများကို ဂုဏ်ထူးဆောင် ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်နိုင်ရေးအတွက် အကြံပေးအဖွဲ့မှ စိစစ်ရွေးချယ်၍ သင့်လျော်သည့်ဆရာ၊ ဆရာမများကို ခန့်အပ်ခြင်း၊ အဆင့် တိုးမြှင့်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တပ်ဖွဲ့ဝင် ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၁၆ ဦးကို ဂုဏ်ထူး ဆောင်ပြန်တမ်းဝင်အရာရှိများ အဖြစ် ခန့်အပ် ပေးနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ တက္ကသိုလ်ပညာသင်နှစ်တွင် တပ်ဖွဲ့ဝင်ကျောင်းဆရာ ဆရာမ ၁၂ ဦးကိုဏ်ထူးဆောင်ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)မှ ကျောင်းသား ကျောင်းသူ ၃၀၂ ဦးကိုလည်း တက္ကသိုလ်လေ့ကျင့်ရေးတပ်များတွင် အခြေခံစစ်ပညာ သင်တန်းလေ့ကျင့် သင်ကြား ပေးလျက်ရှိပြီး ၂၀၁၈-၂၀၁၉ တက္ကသိုလ် ပညာသင်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)မှ ကျောင်းသား ကျောင်းသူများကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်မှ ယနေ့ အထိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)မှ ကျောင်းသား ကျောင်းသူ ၇၂၃ ဦး တို့ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)တွင် ကျောင်းသား ကျောင်းသူ ၈၇၃၇ ဦးကိုလည်းကောင်း စုစုပေါင်း ၉၄၆၀ ကို အခြေခံ စစ်ပညာသင်တန်း လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ ပါသည်။ မြန်မာ့ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ထားလျက် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ တတိယတစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို မှတ်တမ်းပြု တင်ဆက်လိုက်ရပါသည်။