နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်သည့် ခရီးစဉ် (ပဉ္စမနေ့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်သည့် ခရီးစဉ် (ပဉ္စမနေ့)


Ministry of Foreign Affairs/ Nay Pyi Taw / April 28, 2019


(၂၈-၄-၂၀၁၉ ရက်၊ ပေကျင်းမြို့)

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၆၃၀ နာရီတွင် ၂၀၁၉ ခုနှစ် ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ (Beijing International Horticultural Exhibition 2019) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ယန်းချင့်မြို့သို့ ထွက်ခွာခဲ့ပြီး ဦးစွာ ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာပြခန်းအား သွားရောက် လေ့လာကြည့်ရှုခဲ့ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါပြပွဲတွင် နိုင်ငံတကာနှင့်အဖွဲ့အစည်းများမှ ပြခန်းပေါင်း ၁၁၀ ပြသထားပြီး အောက်တိုဘာလ ၇ ရက်နေ့ထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြခန်းတွင် ၂၀၁၉ ခုနှစ် ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ၏ နိုင်ငံကိုယ်စားပြု ဗီဒီယိုများ တင်ပြမှုအစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့်အတူ ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြခန်းနှင့် နိုင်ငံတကာ ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ၂၀၁၉ ခုနှစ် ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ ဖွင့်ပွဲအမှတ်တရ ပန်းသီးပင်ကို စိုက်ပျိုးပေးခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကွေးရွေ့ပြဇာတ်ရုံ၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ (Beijing International Horticultural Exhibition 2019) ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။