၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား လှိုင်သာယာမြို့နယ်၌ စည်ကား စွာကျင်းပ

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား လှိုင်သာယာမြို့နယ်၌ စည်ကား စွာကျင်းပ


Ministry of Information/ ​နေပြည်တော် / May 02, 2019
image_latest


ရန်ကုန် မေ ၁

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (2019 May Day) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

နံနက် ၇ နာရီခန့်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများနှင့် မိသားစုဝင်များ၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ အပါအဝင် လူဦးရေ ငါးထောင်ကျော်တို့သည် အဆိုပါမြို့နယ်အတွင်းရှိ ဘုရားလမ်းထိပ်မှတ်တိုင်နှင့် စနေမမှတ်တိုင် အနီးတို့တွင် စုဝေးကာ လမ်းကြောင်းနှစ်ခုခွဲပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် သမဂ္ဂအလံများကိုင်ဆောင်၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနား ကျင်းပရာနေရာသို့ ချီတက် လမ်းလျှောက် ကြသည်။

ထို့နောက် အောင်မြေသာယာ အားကစားကွင်း၌ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ အခမ်းအနား စတင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဖတ်ကြားသည်။

သုံးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်း

ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်သူတစ်ရပ် လုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချမှတ်ပြီး အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ ခေတ်စနစ်နှင့် မကိုက်ညီသည့် ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ပြန်လည် ရေးဆွဲခြင်းတို့ကို ကျွမ်းကျင်ပညာရှင်များ အပါအဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ တည်ဆဲအလုပ်သမားဥပဒေများကို အလုပ်ရှင်၊ HR မန်နေဂျာများ၊ အလုပ်သမားများ ကောင်းစွာ သိရှိလိုက်နာ နိုင်ရန် မိတ်ဖက် ဌာနများနှင့် ပူးပေါင်းပြီး စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အသိပညာပေး ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း။

ပူးပေါင်းဆောင်ရွက်

တည်ဆဲအလုပ်သမား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်ရှာဖွေသူများ အလုပ်အကိုင် ရရှိရေး၊ အလုပ်သမားများ ဘေးကင်းလုံခြုံစွာရွှေ့ပြောင်း သွားလာလုပ်ကိုင်နိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အနိမ့်ဆုံးလုပ်ခလစာ အပါအဝင် လုပ်ခလစာများ ပုံမှန်ရရှိရေး၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်များ ခံစားရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အာမခံအလုပ်သမားများရရှိခံစားနိုင်ရေး၊ အလုပ်သမား ရေးရာ အငြင်းပွားမှုများကို ပြေလည်မှု ရရှိစေရေး အလေးထားဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အလုပ်သမားရေးရာနှင့် စပ်လျဉ်း၍ ဒေသတွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။

တိုက်တွန်းပြောကြား

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် အခြေအနေ ပေါ်မူတည်ပြီး ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်း များ ကိုအခွင့်အရေး အဖြစ်ရယူနိုင်ရန် မြန်မာအလုပ်သမား ထုအနေဖြင့် နည်းပညာများ ကျွမ်းကျင်မှုရှိရန် လိုပါကြောင်း၊ နည်းပညာအသစ်များ ပေါ်ထွန်းနေခြင်းကြောင့် ယှဉ်ပြိုင်မှု ကြီးမားသည့် ကမ္ဘာတစ်ဝန်းတွင် ရင်ပေါင်တန်းနိုင်ရန် အလုပ်သမားများအနေဖြင့် စိတ်ရော ကိုယ်ပါ ကြိုးပမ်းဆောင်ရွက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်မှသည် ဒေသအဆင့်၊ နိုင်ငံတကာ အဆင့်အထိ ကောင်းမွန်သည့် ပြယုဂ်ဖန်တီးပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌ ဦးမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်သမားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွေး၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးမှ ဆက်ဆံရေးအရာရှိ မစ္စတာ ရိုရီမန်ဂိုဗန်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသွေးစည်း ညီညွတ်ရေး အတွက် ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကားများ ပြောကြား ကြသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကကြီးမှူး၍ ခုနစ်ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မေဒေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို သိရှိပြီး အစဉ်သတိရ နေစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် သည်။

ဖွင့်လှစ်ပြသ

ယနေ့အခမ်းအနားတွင် အနုပညာရှင်များ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၏ သီဆိုဖျော်ဖြေမှု များ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည့်အပြင် ပညာပေးအစီအစဉ် များနှင့်အတူ CTUM ၏ လုပ်ငန်းကဏ္ဍအလိုက် အဖွဲ့ချုပ်များ၏ လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံ မှတ်တမ်းများ၊ စာမှတ်တမ်းများကို ပြခန်းငယ်များ ဖွင့်လှစ်၍ပြသခဲ့ကြောင်း သိရသည်။

သတင်း-ဇော်ကြီး