ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / April 11, 2019
image_latest


နေပြည်တော် ဧပြီ ၁၀

(နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေမှုများ ဆွေးနွေး)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ယနေ့ ညနေပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးရှိ ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ယခင်ကတည်းက ပါတီ၊ အစိုးရ၊ ပြည်သူများနှင့် တပ်မတော် အချင်းချင်းကျယ်ပြန့်သည့်ဆက်ဆံရေးရှိပြီး တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးသည် ပိုမိုရင်းနှီးကျယ်ပြန့်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်း ပြည်ပ ဖိအားများကို ရင်ဆိုင်ပြီး ခေါင်းဆောင်အသီးသီးက နှစ်ပေါင်းများစွာကြိုးပမ်းခဲ့မှုကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် လာမှုများကို တွေ့မြင်ရပြီး မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ ဖြိုး တိုးတက်ရေးအတွက် အလေးထားပါကြောင်း။

တရုတ်နိုင်ငံအနေဖြင့်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပြီး နောင်တွင်လည်း ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာများ အတူတကွညှိနှိုင်းဖြေရှင်းသွားရန်နှင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် ကိစ္စရပ်များတွင် Win- Win အနေအထားရအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် စေတနာထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်လမ်းကြောင်း စီမံကိန်းဆောင်ရွက်မှုသည် အောင်မြင်မှုရရှိမည်ဟုယုံကြည်ကြောင်း၊ အဆိုပါ စီမံကိန်းတွင် မြန်မာနိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်းလုပ်ငန်းများစွာ ပါဝင်ပြီး မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို တပ်မတော်အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကျေးလက်ဒေသတွင် နေထိုင်သူများပြားပြီး ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရန် လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ ဖွံ့ ဖြိုးတိုးတက်စေရန် အတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံနှင့်တပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Tiananmen ရင်ပြင် သို့ သွား ရောက်၍ အာဇာနည်ကျောက်တိုင်၌ ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ကြည်းတပ် သံချပ်ကာလေ့ကျင့်ရေး သင်တန်း ကျောင်းသို့ရောက်ရှိကြပြီး သင်တန်းကျောင်း အတွင်းရှိ Simulated Training Center များအတွင်း သင်တန်း သားများကို လေ့ကျင့်သင်ကြား ပေးမှု အခြေအနေများနှင့် Experimental Center of Equipment Support Technology အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ် ကော်မရှင်အဖွဲ့ဝင် နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen.Wei Fengheမှ ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Wan Liu Tangခန်းမ၌ တွေ့ဆုံဆွေးနွေးပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး