ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပပြီးစီး

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပပြီးစီး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 04, 2019


ဘားအံ ဧပြီ ၃
 ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီလ (၃)ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၂၃)ဦးအနက် (၁၉)ဦး ရာခိုင်နှုန်းအားဖြင့် (၈၂.၆၀%) တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄) ဦးမှ ကြယ်ပွင့်ပြထားသည့်မေးခွန်း (၁၀)ခုကို မေးမြန်းခဲ့ကာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
 ဆက်လက်၍ ကရင်ပြည်နယ်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေလျာထားချက်ငွေစာရင်းများ၊ ကရင်ပြည်နယ် အလတ်စားနှင့်အသေးစားလျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အပိုဒ်များအား တစ်ပိုဒ်ချင်းအလိုက် အတည်ပြုရန် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြတဲ့ အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာသည်။
 ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှပေးပို့လာသော မြဝတီမြို့ ၊ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်း တည်ဆောက်ရေးစီမံကိန်းနှင့် ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ မြေဧရိယာ (၉၂၈.၉၃)ဧကအနက်မှ ဧက(၁၀၀) အား လုံးချင်းအိမ်ရာစီမံကိန်း၊ ဧက(၂၀)အား တန်ဖိုးသင့်အိမ်ရာစီမံကိန်းတို့ကို အတည်ပြုရန် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြေညာခဲ့ကြောင်း သတင်းရရှိသည်။