နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယ(၁)နှစ်တာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယ(၁)နှစ်တာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန


Ministry of Information/ ​နေပြည်တော် / April 04, 2019
image_latest


ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့ အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန် အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
▲တစ်ဦးချင်းမှသည် ပြည်သူအားလုံး စွမ်းအင်ကိုအကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုဆီသို့▲
လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ကြည့်ရှု၍ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကို တိုင်းတာကြသည်။ ပြည့်စုံချမ်းသာသည့် နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်းစီသည် လျှပ်စစ်ကိုပိုမိုသုံးစွဲ ကြပြီး နိုင်ငံမပြည့်စုံ၊ ချို့တဲ့ပါက လျှပ်စစ်ကို သုံးစွဲမှုနည်းပါးမည်သာ။ မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ကို ပြည်သူတိုင်း သုံးစွဲခွင့်ရရှိရန် စွမ်းအင်အမျိုးမျိုးကို အခြေခံကာ ထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခြေလှမ်းမှန်မှန်လျှောက်လှမ်းချိန်တွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ပိုမို သုံးစွဲနိုင်ရေးသည် အရေးကြီးသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အစိုးရတာဝန်ယူ ဆောင်ရွက်နေ သည့် တတိယ(၁)နှစ်တာအတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ် နာရီ ၃၇၀ အထိ ရှိလာသည့်အတွက် ယခင်နှစ်ကထက် လူတစ်ဦးချင်းလျှပ်စစ်သုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု အစိုးရ၏ တတိယ(၁)နှစ်တာဖြတ် သန်းမှုများအကြောင်းတွင် ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေကို ပြန်လည် သုံးသပ်ကြည့်မည်ဆိုပါက မြို့ကြီးများတွင် လျှပ်စစ်မီးရရှိထားသော်လည်း ကျေးရွာများတွင်မူ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲရန်ခက်ခဲနေဆဲဖြစ်သည်။ ဝေးလံခေါင်ဖျားဒေသဖြစ်ခြင်း၊ ဓာတ်အားလိုင်းတွေ ဆက်လက်တည်ဆောက်ပေးရန် လိုအပ်ချက်များကြောင့် မရရှိခြင်းဖြစ်သည်။
▲၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိစေရန် ရည်မှန်း▲
တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံးအနက်မှ ၄၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြု ခွင့်ရရှိနေပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်များမှာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲရာတွင်အနည်းဆုံး အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲ နိုင်ရမည်ဖြစ် ပြီး အနာဂတ်ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု ၇၅ရာခိုင်နှုန်းကိုလည်း ကောင်း ၂၀၃၀-၂၀၃၁ ခုနှစ် အရောက်တွင် မြန်မာတစ်နိုင်ငံလုံး၏ အိမ်ထောင်စုအားလုံးတို့တွင် ရာနှုန်းပြည့်လျှပ်စစ် ဓာတ်အား သုံးစွဲခွင့်ရရှိရေးကိုလည်းကောင်း ဝန်ကြီးဌာနမှ ဦးဆောင် ကြိုးပမ်း လျက်ရှိ သည်။
“ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အားရရှိဖို့ လိုအပ်တဲ့အတွက် တတိယ(၁)နှစ်တာ အတွင်း ဒုတိယ နှစ်ထက် လျှပ်စစ်ပမာဏ ၁၂ ရာခိုင်နှုန်း တိုးထုတ်ပေးနိုင်ခဲ့ပါတယ်။ အစိုးရ သစ်ရဲ့ ပထမ (၁)နှစ်တာမှာ ယမန်နှစ်ထက် ၁၁ ရာခိုင်နှုန်း၊ ဒုတိယ(၁)နှစ်တာမှာ ယမန်နှစ်ထက် ၁၃ ရာခိုင် နှုန်းတိုးထုတ်နိုင်ခဲ့တာကြောင့် အားရကျေနပ်မိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
▲နွေရာသီ အမြင့်ဆုံးသုံးစွဲမှု ၃၇၀၀ မဂ္ဂါဝပ်ရှိလာ▲
လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင်လည်း လက်ရှိကာလသည် အမြင့်ဆုံးသုံးစွဲသည့် ကာလဖြစ် သည်။ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးပမာဏဖြစ်သည့် ၃၇၀၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီသို့ ရောက်ရှိ လာသည့်အတွက် သုံးစွဲမှုပိုမိုမြင့်တက်လာနေကြောင်းကိုလည်း ဝန်ကြီးဌာန ကိန်းဂဏန်း များအရ သိရှိရသည်။ လျှပ်စစ်အမြင့်ဆုံးသုံးစွဲရာတွင် ၂၀၁၅ ခုနှစ် က ၂၃၅၀ မဂ္ဂါဝပ်သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၂၆၇၀ မဂ္ဂါဝပ်အထိ မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်တွင်မူ ၂၉၀၀ မဂ္ဂါဝပ်ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်မူ မဂ္ဂါဝပ် ၄၀၀ ခန့် ပိုမိုသုံးစွဲလာပြီး ရာခိုင်နှုန်း အားဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယမန်နှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက် လာခြင်းပင်ဖြစ်သည်။
“အခုလို တစ်နှစ်အတွင်းမှာ ဓာတ်အား မဂ္ဂါဝပ် ၄၀၀ အထိ တိုးတက်သုံးစွဲလာတာက တော်တော် ကြီးမားတဲ့ ပမာဏဖြစ်ပြီး စက်ရုံအကြီး ကြီးတွေ လိုအပ်တဲ့ပမာဏလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်အားပေးစက်ရုံတွေ များများတည် ဆောက်ပေးဖို့ လိုအပ်ပါ တယ်။ ဒီကဏ္ဍဟာ အရင်း အနှီးနဲ့ အချိန်တွေအများကြီးပေးရပါတယ်။ ရေတိုကာလအတွင်း လျှပ်စစ်နဲ့ ဘဏ္ဍာငွေကြေးတွေ လည်း အများကြီးလိုအပ်ပါတယ်။ ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်စရာမလိုဘဲ အချိန်တို အတွင်း လျှပ်စစ်ဓာတ်အား ပိုထုတ်နိုင်ဖို့ တည်ဆောက်ထားပြီးဖြစ်တဲ့ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ တွေကနေနှစ်စဉ် ဒီဇိုင်းအရ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ပမာဏထက် ပိုတိုးထုတ်နိုင် အောင် ကြိုးစား ခဲ့ပါတယ်”ဟု လျှပ်စစ်ပိုမိုတိုးတက်သုံးစွဲနိုင်ကြရန် ကြိုးပမ်းနေကြောင်းကို ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။
▲ဓာတ်အားထုတ်နိုင်စွမ်းအားမြှင့်တင်▲
ဘီလူးချောင်း ၁ ရေအားလျှပ်စစ်စက်ရုံသည် ဒီဇိုင်းအရ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်း ၂၀၀ ထုတ်ပေးလျက်ရှိသည်။ သို့သော်ယင်းအခြေအနေကို တိုးချဲ့ ထုတ်လုပ်ရန် ကြိုးပမ်းသည့် အခါ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၄သန်းအထိ ထုတ်လုပ်နိုင်ခဲ့ သည်။ ထုတ်လုပ်မှု ပမာဏ ၁၀၇ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်း ပင်ဖြစ်သည်။ ထို့ပြင် လောပိတစက်ရုံမှ တစ်နှစ်ကို မဂ္ဂါဝပ်နာရီ ၁၁၉၀ ထုတ်ပေးနိုင်သည့် ဒီဇိုင်းရှိသော်လည်း ၁၂၆၂ မဂ္ဂါဝပ်နာရီ အထိ တိုးထုတ် နိုင်ခဲ့ခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ အလတ်စားစက်ရုံတစ်ရုံစာရဲ့ တစ်နှစ်စာ ထုတ်လုပ်မှု ပမာဏ အထိ တိုးထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘီလူးချောင်း ၃ နှင့် ကင်းနားစက်ရုံ၊ မုန်းရေအား လျှပ်စစ်စက်ရုံ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ရွှေကျင် ၊ သဖန်းဆိပ်၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ စသည်တို့တွင်လည်း စက်ရုံဒီဇိုင်းများထက် ပိုမိုထုတ်လုပ် နိုင်စေရန်အတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တည်ရှိပြီးသား စက်ရုံများမှ လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့်အပြင် အစိုးရသစ်၏ တတိယ(၁)နှစ်တာအတွင်းမြင်းခြံမြို့နယ်၌ သဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံနှစ်ရုံ၊ ကျောက်ဆည်မြို့နယ်၌ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတစ်ရုံ၊ သထုံမြို့နယ်၌ ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ ရာဇဂြိုလ်နှင့် အထက်နမ့်ထွမ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှစ်ရုံတို့ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရှိရသည်။
▲ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်▲
လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဖြန့်ဖြူးနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားလိုင်းကြီးများ တည်ဆောက်ရပြီး တတိယ(၁)နှစ်တာအတွင်း တည်ဆောက်ဆဲ ဓာတ်အားလိုင်းများစွာရှိပြီး ၂၃၀ ကေဗွီလိုင်း တစ်လိုင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၁ ခု၊ စုစုပေါင်း ဓာတ်အားလိုင်း ၂၄၄၉ မိုင် ၊ ၂၃၀ ကေဗွီဓာတ်အားခွဲရုံတစ်ရုံ၊ ၆၆ ကေဗွီခွဲရုံ ၂၉ ခု၊ ၃၃ ကေဗွီ ခွဲရုံ ၁၀ ခု၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၄၃၃၈ လုံး၊ စုစုပေါင်း ၁၃၃၆ MVA တို့ကို ပြီးစီးအောင် ဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာ၂၀၁၆ ခုနှစ် မတ်လမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရတဲ့ အိမ်ထောင်စု ဦးရေ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။ ယခုဖေဖော်ဝါရီလကုန်အထိ ယခုနှစ်မှာဆိုရင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၈ သန်းအထိ ရရှိခဲ့တဲ့အတွက် ၄၄ ရာခိုင်နှုန်း ရရှိလာတာဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အိမ်ထောင်စု လေးသိန်းခွဲ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိတာ ဖြစ်ပါတယ်။ သုံးနှစ်တာကာလကို ခြုံကြည့်ရင် လျှပ်စစ်ရရှိတဲ့ အိမ်ထောင်စုဦးရေ ၁၀ ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့တာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး က ဆက်လက်ရှင်းပြသည်။
▲မြို့ငယ်နှင့်ကျေးရွာများ မီးရရှိရန်ဆောင်ရွက်ပေး▲
လျှပ်စစ်ဓာတ်အား အသုံးပြုမှုတိုးတက်လာပုံတွင် မြို့ကြီးအများစုသည် လျှပ်စစ် ဓာတ်အားကို ရရှိသုံးစွဲ နိုင်ကြပြီဖြစ်သည်။ သို့သော် လျှပ်စစ်မီးမရရှိသေးသည့် မြို့ငယ်များ လည်းကျန်ရှိနေသေးရာ ယင်းအနက်မှ အစိုးရ၏တတိယ(၁)နှစ်အတွင်း တကောင်းမြို့ အပါအဝင်မြို့ပေါင်းကိုးမြို့နှင့် ကျေးရွာပေါင်း ၂၃၃၁ ရွာတို့တွင် လျှပ်စစ်ဓာတ်အားကို စတင်အသုံးပြုခွင့် ရရှိကြပြီဖြစ်သည်။
“ရခိုင်ပြည်နယ်မှာ မြို့အားလုံးလျှပ်စစ် ဓာတ်အားရသွားတဲ့ အခြေအနေမှာ မာန်အောင်မြို့မပါရှိပါဘူး။ သို့သော် မာန်အောင်မြို့ ကို လျှပ်စစ်ဓာတ်အားရရှိဖို့ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တစ်ခုကို ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက်နေ ပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း၆၃၂၇၇ ရှိတဲ့အနက် လက်ရှိအချိန်မှာ ကျေးရွာ ၃၃၈၉၄ ရွာအထိ လျှပ်စစ်ဓာတ်အားပေး ဝေနိုင်ခဲ့တဲ့အတွက် ကျေးရွာများအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းလျှပ်စစ်ဓာတ်အား ရယူသုံးစွဲထား နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးဝေရခြင်း ကို သုံးသပ်ပြသည်။
▲သတ်မှတ်ဝန်အားထက်ပိုမိုသုံးစွဲနေ▲
သတ်မှတ်ထားသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပမာဏထက် ကျော်လွန်သုံးစွဲခြင်းကြောင့် ဝန်အားမမျှသည့် ပြဿနာများကို အစဉ်သဖြင့် ကြုံတွေ့နေရသည့် လျှပ်စစ်ကဏ္ဍသည် ဖြေရှင်းရခက်ခဲသည့် အခြေအနေသို့ မကြာခဏရောက်ရှိတတ်သည်ကို ပြည်သူများအားလုံး သိရှိပြီးကြပြီဖြစ်သည်။ “လူတွေ က မီးပိုသုံးတယ်။ စက်မှုဇုန်တွေကလည်း သတ်မှတ် အားထက် ပိုသုံးတယ်။ ပင်မခွဲရုံတွေ၊ ဖြန့်ဖြူးရေးခွဲရုံတွေရဲ့ ထရန်စဖော်မာ တွေက ဝပ်အားတက်လာပြီး ပိုတိုးတပ်ဆင်နိုင်အောင် ဘဏ္ဍာ ငွေအများကြီးလိုတယ်။ အချိန်မီ မဆောင်ရွက်နိုင်တဲ့အခါ ပြည်သူက လျှပ်စစ်အခက်အခဲတွေ ကြုံရ တယ်။ ဒီနှစ်မှာလည်း ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဝန်အားပြည့် နေတဲ့ ဓာတ်အားခွဲရုံတွေမှာ ၁၃၅၂ အမ်ဗွီအေ အင်အားရှိတဲ့ ထရန်စဖော်မာတွေ တိုးချဲ့တည် ဆောက်ပေးခဲ့ တယ်” ဟု ပြည်ထောင်စုဝန်ကြီးက တတိယ(၁)နှစ်တာ အတွင်း တိုးချဲ့ တည်ဆောက် ပေးခဲ့သည့် အခြေအနေအား ရှင်းလင်းပြောကြားသည်။
▲မကြာခဏကြုံရသည့် System Breakdown ▲
ထို့ပြင် ပြည်သူများအကြား ရေပန်းစားသည့် ဝေါဟာရ တစ်ခုမှာ System Breakdown ပင်ဖြစ်သည်။ ယင်းအခြေအနေတွင် နေရာဒေသအတော်များများလျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြီး အချိန်မီပြန်လည်ပြုပြင်မပြီးစီးမီအထိ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် မရရှိကြသည်ကို ကြုံတွေ့ ခဲ့ကြဖူးသည်။ အစိုးရသစ် စတင်တာဝန်ယူသည့်ကာလ ၂၀၁၆ - ၂၀၁၇ နှစ်များအတွင် System Breakdown ဖြစ်ပွားမှုသည် တစ်နှစ်အတွင်း ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ကို ပြည်သူများ ခံစားခဲ့ကြရသည်။
အထူးသဖြင့် သဘာ၀ဘေးအန္တရာယ်များ ဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းမိုး ရွာသွန်းခြင်း တို့ကြောင့် တာဝါတိုင်များလဲခြင်းမှ အစပြုခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင် အကြိမ်ပေါင်းများစွာ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုကို ကြုံခဲ့ကြရသည်။
“တတိယ(၁)နှစ်တာ အတွင်းမှာ System Breakdown နှစ်ကြိမ်သာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဓာတ်အားလိုင်းတွေ ပြတ်တောက်မှုကို အလိုအလျောက် ပြန်လည်ဆက်သွယ်ပေးတဲ့စနစ် (Tele-protection and Auto-Reclosing Function)ကို တပ်ဆင်ဆောင်ရွက်တဲ့ အတွက် ဖြစ်ပါတယ်။ ဓာတ်အားလိုင်း အပြစ်ဖြစ်ပြီး ဓာတ်အား လိုင်းပြတ်တောက်သွားချိန်မှာ ချက်ချင်းပြန်တင် (One Trial) နိုင်ခဲ့တဲ့အတွက် ကာကွယ်နိုင် ခဲ့ခြင်းဖြစ်ပါတယ်” ဟု တိုးတက် ဆောင်ရွက်နိုင်ခဲ့ပုံကို ဒုတိယဝန်ကြီး က ရှင်းလင်းပြောကြားသည်။
▲ရေအားလျှပ်စစ်ပိုမိုတိုးထုတ်နိုင်အောင် ဆောင်ရွက်▲
ရေအားလျှပ်စစ်သည် မြန်မာနိုင်ငံ လျှပ်စစ်ပေးဝေရေး၏ အခြေခံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ် ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝစွမ်းအင်များ ပြည့်ဝစွာရရှိထားသည့် နိုင်ငံဖြစ်သည့်အား လျော်စွာ အခြားသော သဘာဝစွမ်းအင်များကို လည်း အကျိုးရှိအောင် ရယူသုံးစွဲရန်အတွက်လည်း ကြိုးပမ်းလျက် ရှိကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
မကွေးတိုင်းဒေသကြီးမင်းဘူးမြို့နယ်တွင် နေရောင်ခြည်ကို အကျိုးရှိစွာအသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှလည်း ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်ကို မြင် တွေ့ရသည်။ မင်းဘူးနေရောင်ခြည် သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ယခုလကုန် တွင် ၂၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားကို စတင်ထုတ်လုပ်မည်ဟု သိရှိရပြီးလာမည့် ဧပြီလတွင် ၂၀ မဂ္ဂါဝပ် ထပ်မံတိုးတက် ထုတ်လုပ်ခြင်းဖြင့် စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် ၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်အသုံး ပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
▲မီတာအမျိုးအစားပြောင်းလဲသတ်မှတ်လာ▲
ထို့ပြင် အိမ်သုံးမီတာများနေရာတွင် ဖိုးမီတာအိမ်သုံး ဒစ်ဂျစ်တယ်မီတာများနှင့် အစားထိုးလဲလှယ် တပ်ဆင်ပေးခြင်း များကို အစိုးရသစ်၏ တတိယ (၁)နှစ်တာအတွင်း ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့ရသည်။ တစ်နှစ်တာအတွင်း ၅/၃၀ အမ်ပီယာ ကျေးရွာသုံးမီတာ ၁၃၆၁၆၃ လုံး၊ ၁၀/၃၀ အိမ်ပီယာ မြို့ငယ်သုံးမီတာအရေအတွက် ၁၈၀၈၄၈ လုံး၊ ၁၀/ ၆၀ အိမ်ပီ ယာမြို့ ကြီးသုံး မီတာအရေ အတွက် ၉၉၀၈၅ လုံးတပ်ဆင်ပြီးစီးခဲ့ ပြီး စုစုပေါင်းတစ်နှစ်အတွင်း မီတာလေးသိန်းကျော် တပ်ဆင် ပြီးစီးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
ဖိုးမီတာ အိမ်သုံးမီတာများသည် ကျေးလက်နေပြည်သူများအတွက် မီတာအဖိုးအခနှုန်းများ သက်သာ စေပြီး မိမိသုံးစွဲလိုသည့် မီတာအမျိုးအစားအလိုက် ဈေးနှုန်းများခွဲခြားထားသည့် အတွက် ရွေးချယ် သုံးစွဲနိုင်သည့်အပြင် လျှပ်စစ်ခိုးယူသုံးစွဲခြင်း၊ ဓာတ်အား ပျောက်ဆုံးခြင်းများကိုလည်း ပိုမိုကာကွယ် ပေးနိုင်သည်ဟု တာဝန်ရှိသူများထံမှ သိရှိရသည်။
“အခုလို ပြည်သူတွေ လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲနိုင်ဖို့အတွက် တည်ဆောက်ရေး လုပ်ငန်း တွေလုပ်ကိုင်ဖို့ ဘဏ္ဍာငွေကိစ္စရပ်တွေ ကိုလည်း ကြိုးစားလုပ်ကိုင်ရပါတယ်။ ချေးငွေရရှိဖို့ ကျွန်တော်တို့ ဟာ World Bank ၊ JICA စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Donor Agency တွေကနေလည်း အတိုး သက်သာတဲ့ ဈေးနှုန်းနဲ့ချေးငွေတွေရယူပြီး ဆောင်ရွက်နေရတာလည်း ဖြစ်ပါတယ်။ ပြည်ထောင်စု ဘဏ္ဍာငွေကိုလည်း ရယူပြီးဆောင်ရွက်ပေးရတာရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ နှစ်စဉ်ဘတ်ဂျက်တွေထဲက လည်းဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလို ဆောင်ရွက်ပေးပြီး လျှပ်စစ်ဓာတ် အားပိုမိုတိုးတက် ရရှိနိုင်အောင် လုပ်ဆောင်ရ တာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
▲လျှပ်စစ်လိုအပ်ချက် နေ့စဉ်မြင့်တက်▲
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်ကာလနှင့် နှိုင်းယှဉ်ပါက တိုင်းပြည်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည် နှစ်ဆခန့် မြင့်တက်လာနေခြင်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင် လျှပ်စစ်ရရှိမှုကလည်း အဆင့်ဆင့်တိုးတက်လာနေခဲ့ပြီး နောက်လာမည့် ငါးနှစ်ပြည့်မြောက်ပါကလည်း နှစ်ဆကျော် တိုးတက်ထုတ်လုပ်လာမည်ဟု လျှပ်စစ် ကဏ္ဍဖော်ဆောင်သူများက ခန့်မှန်းထားကြသည်။ ယင်းအခြေ အနေသည် လိုအပ်ချက် များကို လိုအပ်သလောက် ဖြည့်ဆည်းတိုးချဲ့ပေး လျက်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်သည်။
“ဒီလိုဖြည့်ဆည်းပေးနိုင်ဖို့ နည်းပညာတွေ၊ လုပ်အားတွေ၊ ဘတ်ဂျက်တွေစတဲ့ လိုအပ်ချက် တွေက အများကြီးရှိပါတယ်။ ဒါက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အရာတွေဖြစ်ပါတယ်။ နောက်တစ်ခုက ပြည် သူလူထုဟာ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်ကို လိုချင်ကြတယ်။ မီးမပျက်ချင်ဘူး၊ မီးအတက် အကျမှန် ချင်တယ်၊ ဝန်ဆောင် မှုကောင်းတာ လိုချင်ကြပါတယ်။ ဝန်ဆောင်မှုကောင်းအောင် လိုချင်တာ ကို ဖြည့် ဆည်းပေးဖို့ ကြိုးပမ်းနေပါတယ်။ မီးပျက်လျှင်လည်း ကြိုတင်အသိပေးတာမျိုးတွေကို ကျယ်ကျယ် ပြန့်ပြန့်လည်းလုပ်ဆောင်နေပါတယ်။ သို့သော် ဝန်ဆောင်မှုကောင်းအောင်လုပ်ပေးဖို့ ဝန်ထမ်းလိုအပ် ပါတယ်။ ဝန်ထမ်းခန့်အပ်ခွင့်နဲ့ ဝန်ထမ်းဦးရေပမာဏဟာ များစွာကွာခြားနေ ပါတယ်” ဟု လျှပ်စစ်ဓာတ်အား လူတိုင်းအကျုံးဝင် ရရှိအသုံးပြုရေးအတွက် စိန်ခေါ်မှုများ အကြောင်းကိုလည်း ဒုတိယဝန်ကြီးက ပြောပြသည်။
လျှပ်စစ်ဝန်ထမ်းများ၊ ကျွမ်းကျင်လျှပ်စစ် ပညာရှင်များ နည်းပါးနေခြင်းကို ပြည်သူက သတိမထားမိ၊ ဝန်ထမ်းပမာဏ ဖြည့်တင်းရန်အတွက် အတားအဆီးများ ရှိနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှ သိရှိရသည်။
▲ဝန်ဆောင်မှုအတွက် အမှုထမ်းလိုအပ်▲
“မီးပျက်နေတယ်လို့ပြောရင် ချက်ချင်းလာပြီး ပြင်ပေးတဲ့ ဝန်ဆောင်မှုမျိုးကို ပြည်သူတွေက လိုချင် ကြတယ်။ အဲဒီလိုအတွက် ဝန်ထမ်းလိုအပ်သလို ချက်ချင်းသွားနိုင်ဖို့ ယာဉ်၊ ယန္တရား လိုအပ်ပါတယ်။ ဒါကြောင့် ဒီလိုစိန်ခေါ်မှုတွေကို ယနေ့ထိ ဖြေရှင်းနိုင်ဖို့ ခက်ခဲနေတဲ့ စိန်ခေါ်မှုတွေဖြစ်ပါ တယ်” ဟု ဒုတိယဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံအတွင်း မဖြစ်မနေ ဖြန့်ဖြူးပေး နေရသည့် လျှပ်စစ်ကဏ္ဍသည် အဆမတန် ကြီးမားသည့် အရှုံးပေါ် ခြင်းကိုလည်း ရင်ဆိုင်နေကြရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှုံးပမာဏမှာ ငွေကျပ် ကျပ် ၄၂၂ ဘီလီယံကျော်ရှိခဲ့ပြီး ထုတ်လုပ်ရေး ကဏ္ဍတစ်ခု တည်းတွင် အရှုံးပြပမာဏဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းဇယားများ အရသိရှိရသည်။ အဆိုပါနှစ်ကဘတ်ဂျက်ကြိုတင် တွက်ချက်ခန့်မှန်းရာတွင် ငွေကျပ် ဘီလီယံ ၃၆၀ ကျော် ဆုံးရှုံးမည်ဟု ခန့်မှန်းသော်လည်း လက် တွေ့ဆုံးရှုံးမှုမှာ ငွေကျပ်ကျပ် ၄၂၂ ဘီလီယံအထိ မြင့်တက်ခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အရှုံး ခန့်မှန်းခြေတွက် ချက်ထားသည့် ဘတ်ဂျက်မှာ ငွေကျပ်ကျပ်ဘီလီယံ ၆၀၀ ကျော်ဖြစ်ပြီး ယင်းအရှုံး ကို လျော့နည်းသက်သာစေရန်အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဓာတ်အားထုတ် လုပ်မှု ကုန်ကျစရိတ်ကို လျော့နည်းသက်သာစေရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။
▲အရှုံးကိုကာမိမှသာ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်▲
အရှုံးကို ကာမိစေရန်အတွက် ရေအားလျှပ်စစ်မှ ရရှိလာမည့် ဓာတ်အားကို ပိုမိုတိုးချဲ့ထုတ် လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပြီး ရေအားလျှပ်စစ်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်း စနစ်သည်စရိတ်ပိုမို သက် သာနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ “လျှပ်စစ်လည်းပိုထွက်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်က ပိုသက်သာမှသာ အရှုံးကိုပိုပြီး ထိန်းနိုင်မယ်။ ပြည်သူတွေလိုတဲ့ လျှပ်စစ်ကိုလည်း ပိုထုတ်နိုင်မယ်ဆို တဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် အဲဒီနှစ်မှာ ငွေကျပ်ကျပ် ၁၆၂ ဘီလီယံလောက် အရှုံးကို သက်သာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ ၁၀၆ သန်း အရှုံးသက်သာတာဖြစ်ပါ တယ်” ဟု အစိုးရသစ်၏ တတိယ(၁) နှစ်တာ အတွင်း လုပ်ဆောင်ခဲ့သည့်အခြေအနေများကို ဒုတိယဝန်ကြီး က ပြန်လည်ရှင်းပြသည်။
ဘတ်ဂျက်စာရင်းအရခြောက်လတာ ဘတ်ဂျက်ဖြတ်သန်းချိန် အစဝယ်အရှုံးခန့်မှန်း တွက်ချက်မှု တွင် ငွေကျပ်ကျပ် ၃၀၉ ဘီလီယံအထိရှိနေသော်လည်း ငွေကျပ်ကျပ် ၇၆ ဘီလီယံခန့် အရှုံး သက်သာ စေရန် ကြိုးပမ်းခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
“ဒီကာလတစ်လျှောက်မှာ အများကြီးရှုံးခဲ့ပါတယ်။ ဒီပမာဏတွေထဲက အများကြီးထပ်ပြီး အရှုံးသက် သာအောင် ကြိုးပမ်းနေပါတယ်။ အရှုံးပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အား ကနေ ပြောင်းလဲရမယ်ဆို တာကို ပြည်သူတွေသိအောင် အစဉ်တစိုက် ပြောကြားနေပါ တယ်” ဟု ဒုတိယဝန်ကြီးက ဆို သည်။
▲ကြီးမားသည့်အရှုံးကိုပပျောက်အောင်မစွမ်းဆောင်နိုင်သေး▲
ဓာတ်အားခအရှုံးပေါ်တိုင်း ပြည်သူပေးဆောင်ရသည့် ဓာတ်အားခ မြင့်တက်မည် မဟုတ်ဘဲ အရှုံး ပေါ်သည့် ပမာဏကို လုပ်ငန်းဆောင်ရွက်သည့်အခါ အရှုံးလျော့နည်းစေရေးကို ပထမဦးစွာ ကြိုးပမ်း ခဲ့ကြောင်း၊ ထုတ်လုပ်မှုစရိတ် လျှော့ချခြင်း၊ ဓာတ်အားပျောက်ဆုံးမှုကို လျော့နည်းအောင်လုပ်ခြင်း၊ စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ခြင်းဖြင့် ဝင်ငွေတိုးအောင် ကြိုးပမ်းရကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်တွင် လျှပ်စစ် တစ်ယူနစ်ထုတ်တိုင်း ငွေကျပ်ကျပ် ၁၁၀ မှ ၁၁၅ ကျပ်အထိ ကုန်ကျသည့်အချိန်ဝယ် ပြည်သူလူထုအတွက် တစ်ယူနစ်လျှင် ငွေကျပ်ကျပ် ၃၅ ကျပ်မှ ၅၀ အကြား ရောင်းချ ခြင်းသည် ထုတ်လုပ်မှုစရိတ်နှင့် ရောင်းချမှုစရိတ်တို့ များစွာကွာခြားသည့်အတွက် မည်မျှပင် ကြိုးစား ပမ်းစားဆောင်ရွက် ထားသော်လည်း အရှုံးပမာဏ ကြီးမရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိ သေး ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
“ဒါကြောင့် သင့်တင်မျှတတဲ့ဓာတ် အားခတွေကိုတောင်းခံမှသာ အရှုံးကို ကာမိအောင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ လျှပ်စစ်မီးသုံးစွဲခွင့်ရနေတဲ့ ၄၄ ရာခိုင်နှုန်းသော ပြည်သူတွေ အတွက် အရှုံး ဖြစ်ပါတယ်။ ဒီငွေတွေဟာ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ လို့ ပြောပေမယ့် ၁၀၀ ရာခိုင်နှုန်း သော ပြည်သူ များရဲ့ ငွေကြေးဖြစ်ပါတယ်။ လျှပ်စစ် မရသေးတဲ့ ၅၆ ရာခိုင်နှုန်းနဲ့ သက်ဆိုင်တဲ့ဘဏ္ဍာငွေ ဖြစ်ပါ တယ်။ သူတို့တွေ အကျိုးခံစားခွင့်မရပါဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အားမရတဲ့သူတွေ အတွက် ကြိုး ပမ်းတည်ဆောက်ပေးတယ်။ ဒါကြောင့် လျှပ်စစ်ရရှိပြီး ပြည်သူတွေက လျှပ်စစ် မရသေးတဲ့ ပြည်သူ တွေကို ကိုယ်ချင်းစာတရားထားပြီး ကိုယ်သုံးတဲ့ လျှပ်စစ်ရဲ့ တန်ဖိုးကိုပေးသွင်းခြင်း ဖြင့် ကျန်တဲ့ လျှပ်စစ်မရသူတွေအတွက် အကျိုးဖြစ်ထွန်းပြီး၊ လျှပ်စစ်ကဏ္ဍ ဖူလုံပြည့်စုံလာအောင် ဆောင်ရွက်နိုင် မှာ ပဲဖြစ်ပါတယ်” ဟု လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဦးဆောင်ဖြေရှင်း ပေးနေရသည့် အနေအထားကို ဒုတိယဝန်ကြီးက တတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်မှုအဖြစ် ရှင်းလင်းပြော ကြားသည်။
▲စွမ်းအင်ကဏ္ဍအဖြေရှာ▲
လျှပ်စစ်ကဏ္ဍကဲ့သို့ပင် စွမ်းအင်ကဏ္ဍသည် မြန်မာ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အရေးပါ သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ စွမ်းအင်ကဏ္ဍဖွံ့ ဖြိုးတိုးတက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုး တက်ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံ၏အဓိက ကျသည့်ဝင်ငွေကို စွမ်းအင်ကဏ္ဍမှ ရရှိ ဖြည့်ဆည်းပေးလျက် ရှိပါသည်။နိုင်ငံ၏စီးပွားရေး အခြေခံမြင့်မားစေရန်အတွက် စွမ်းအင်အရင်းအမြစ် များတူးဖော်ခြင်းမှ ပိုမိုရောင်းချရခြင်းဖြင့် ဖော်ဆောင်ကြရသည်။ စွမ်းအင်ကဏ္ဍ မြင့်မား တိုးတက် ရေးအတွက် အဓိကမှာ ရေနံရှာဖွေရေးပင် ဖြစ်သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ ရှာဖွေမှုများ ကို လည်း လုပ်ဆောင်ကြရသည်။ ယင်းကဲ့သို့ ရှာဖွေ ထုတ်လုပ်နိုင်ရန်အတွက် အစမ်းတွင်းပေါင်းများစွာ ကို ပထမဦးစွာရှာဖွေတူးဖော်ကြရသည်။
“အစိုးရသစ်တာဝန်ယူပြီး ယခုတတိယ (၁)နှစ်တာအတွင်းမှာ ကုန်တွင်းပိုင်း ရေနံတွင်းပေါင်း ၂၂ တွင်းကို တူးဖော်ခဲ့ပါတယ်။ အဲဒီကုန်းတွင်း ရေနံတွင်း ၂၂ တွင်းကနေ ရေနံစည်ပေါင်း ၂ ဒသမ ၃၁ သန်းကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုက ကုဗပေသန်း ၁၉၀၁၉ အထိ ထုတ်လုပ်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ကုန်းတွင်းပိုင်းအပြင် ကမ်းလွန်ရှာဖွေရေးများ အနေဖြင့် ကမ်းလွန်တွင်း ၄၆ တွင်းကို တူးဖော်ခဲ့ပြီး ရေနံ (လေဆီ)စည်ပေါင်း ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ၆၀၄၈၁၈ ကုဗပေသန်းကို ထုတ်လုပ် နိုင်ခဲ့ကြောင်း တစ်နှစ်တာမှတ်တမ်းများအရသိရှိရသည်။ ကုန်းတွင်းနှင့် ကမ်းလွန်ထုတ်လုပ်မှု ပမာဏ စုစုပေါင်းမှာ ရေနံစည်ပေါင်း ၃ ဒသမ ၃၃ သန်းနှင့် သဘာဝဓာတ်ငွေ့ ၆၂၃၈၃၈ ကုဗပေသန်း ထုတ် လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကိန်းဂဏန်းများအရ သိရှိရသည်။
ကမ်းလွန် လုပ်ကွက်များသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် စီးပွားရေးအခြေခံကောင်း များဖြစ်ကြပြီး ကမ်းလွန်တွင်ရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေဖော်ထုတ်တွေ့ရှိခြင်း ဖြင့် လတ်တ လောတွင် ရှာဖွေနိုင်သမျှ စွမ်းအင်များကို ထုတ်လုပ် ရောင်းချနိုင်မည်ဖြစ်သည့်အပြင် ရေနံသိုက်များ နှင့်သဘာ၀ ဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိမည်ဆိုပါက မြန်မာနိုင်ငံသည် နောင် အနှစ် ၂၀ ခန့် ကြိုးစားရှာဖွေကြရမည့် ဝင်ငွေ မျိုးကို အချိန်တိုအတွင်း တိုးတက်ရရှိနိုင်မည်ဖြစ်သည်။
ဝင်ငွေရရှိခြင်းအပြင် ထွက်ရှိလာသည့် စွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ပိုမိုဆောင်ရွက်နိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံများအနက် အရေးပါသော လျှပ်စစ်ဓာတ် အားရရှိရေး အားကောင်းလာသည်နှင့် အမျှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ခြင်းကြောင့် ကမ်းလွန်လုပ်ကွက်အသစ်များကို ဝန်ကြီးဌာနမှ ရှာဖွေဖော်ထုတ် နေခြင်း ဖြစ်ကြောင်း သိရှိရသည်။ အစိုးရသစ်လက်ထက် ယခုကာလအတွင်း ကမ်းလွန်စီမံကိန်းလုပ်ကွက် အသစ် လေးခုကို ဆောင်ရွက်လျက်ရှိသည်။ လုပ်ကွက်အသစ်များမှာ A6 ၊ AD1၊ AD7 နှင့် M3 တို့ဖြစ်ကြသည်။
“အစိုးရသစ်ရဲ့ တတိယ (၁)နှစ်တာအတွင်းမှာ ဝန်ကြီးဌာနကနေ အလားအလာ ကောင်းတဲ့ လုပ် ကွက်သစ်ကို ပြသစရာ ရှိလာပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကမ်းလွန်စီမံကိန်း လုပ်ကွက်လေး ခုအနက်မှာ ဧရာဝတီတိုင်းဒေသကြီး အနောက် မြောက်ဘက်မှာရှိတဲ့ ကမ်းလွန်လုပ်ကွက် အမှတ် ဗ၆ မှာ တူးဖော်ခဲ့တဲ့ ရှာဖွေရေးတွင်း ငါးတွင်းရှိတဲ့အနက် ရွှေရည်ထွန်း (၂) တွင်းရဲ့ ထူးခြားမှုဖြစ်ပါတယ်။ အဲဒီ ရွှေရည်ထွန်း (၂) တွင်းကို စမ်းသပ်ရှာဖွေတဲ့အခါ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတယ်ဆိုတဲ့ တွေ့ရှိချက်ကိုရရှိခဲ့ပြီး အဲဒီတွေ့ရှိချက်နောက်မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် အလားအလာကောင်း ရလဒ်တွေကိုရရှိခဲ့ တာဟာ အင်မတန်ဝမ်းသာစရာကောင်းပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောကြား သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အနက် စွမ်းအင်ကဏ္ဍ ပိုမိုတိုးတက် ထုတ်လုပ် နိုင်ရေးအတွက် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကို ထပ်မံတိုးတက်ထုတ်လုပ်နိုင်ခွင့်ရရှိ ရေးကို အလေး ထားဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ရှာဖွေတူးဖော်လျက်ရှိသည့် လုပ်ကွက်များ စွာရှိပြီး ယင်းတို့ကို ပိုမိုတိုးချဲ့ရှာဖွေနိုင်ရန ္ဖော်ဆောင်နေသည့်အပြင် ရှာဖွေတူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိသေးသည့်လုပ်ကွက်များကို ရှာဖွေရကြောင်းသိရသည်။
ကုန်းတွင်းပိုင်းလုပ်ကွက်များအနက်မှ ရေနံ နှင့် သဘာဝဓာတ် ငွေ့ ပိုမိုရရှိအောင်ဆောင်ရွက် နိုင်မည့် လုပ်ကွက် ၁၈ ကွက်ခန့်နှင့် ကမ်းရိုးတန်း ပင်လယ်ပြင် ကမ်းလွန်လုပ်ကွက်အနေဖြင့် ၁၅ ကွက်ခန့် ရှိနေသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရှိရသည်။
ကုန်းတွင်ပိုင်းနှင့် ကမ်းလွန်တို့ရှိ လစ်လပ်နေသည့် လုပ်ကွက်များကို ဝန်ကြီးဌာနမှ အပြည်ပြည် ဆိုင် ရာတင်ဒါစနစ်ဖြင့် လုပ်ငန်းရှင်များ အား အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်လုပ် ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် အတွင်းမှာ ပွင့်လင်းမြင်သာသည့် တင်ဒါစနစ်ဖြင့် နိုင်ငံတကာက ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံတကာ ရေနံနှင့်စွမ်းအင်ကုမ္ပဏီကြီးများဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
“ကုန်းတွင်းမှာ ထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို ကိုယ်တိုင်ချက်လုပ်ပါတယ်။ ချက်လုပ်တဲ့ အခါမှာ ယခု တတိယ(၁)နှစ်တာအတွင်းမှာ ချက်လုပ်ပြီးစီးတဲ့ရေနံစိမ်းက မက်ထရစ်တန်ပေါင်း ၂၅၁၅၀၉ တန်ဖြစ် ပါတယ်။ အဲဒီလို ချက်လုပ်ခဲ့တဲ့အတွက် ဓာတ်ဆီ မက်ထရစ်တန် ၆၇၀၈၀ နဲ့ ဒီဇယ်ဆီ ၁၁၀၂၄၂ မက်ထရစ်တန်တို့ ရရှိခဲ့ပါတယ်။ ရေနံချက်လုပ်ပြီး ထွက်ရှိလာတဲ့ ရေနံထွက်ပစ္စည်း တွေကို ရောင်းချ နိုင်ခဲ့တဲ့အတွက် ရောင်းချနိုင်တဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၃၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ပြီး ဝင်ငွေရရှိအောင်ဆောင်ရွက်ပေး ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ရေနံစိမ်း များ ချက်လုပ်ရောင်းချမှုနှင့် စပ်လျဉ်း၍ ပြောကြားသည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ရေနံဓာတ်ငွေ့ရည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ် ရောင်းချလျက်ရှိသည်။ ကုန်းတွင်းပိုင်း ဓာတ်ငွေ့ကို အသုံးပြု၍ ရေနံဓာတ်ငွေ့ရည်ကို ထုတ်လုပ် ခြင်းဖြစ်ပြီး ယင်းသို့ထုတ်လုပ်ရာတွင် LPG ဓာတ်ငွေ့ရည် ထုတ်လုပ်နိုင်မှုသည် အကန့်အသတ် များစွာ ရှိနေကြောင်း သိရသည်။ တိုးတက် ပြောင်း လဲလာသည့် လူမှုဘဝများအကြား LPG ဓာတ်ငွေ့ရည် ပိုမိုသုံးစွဲလာကြသည့် အချိန်တွင် ဝန်ကြီးဌာနမှ တာဝန်ယူ ထုတ်လုပ်ဖြန့်ဖြူးပေးနေ သည့် ပမာဏ သည် လက်ရှိဈေးကွက် အတွင်း လိုအပ်သည့် ပမာဏရရှိရန် မလွယ်ကူသည့်အတွက် ဖြည့်ဆည်း ပေးနိုင်မည့် နည်းလမ်းများ အနက်မှ ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းပါဝင်မှုကို ပိုမိုတိုးတက် နိုင်ရန်အတွက် တတိယ (၁) နှစ်တာအတွင်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်ကို မြင်တွေ့ရသည်။
ကုန်းတွင်းပိုင်းတွင် ထွက်ရှိသည့် သဘာ၀ ဓာတ်ငွေ့ကို အသုံးပြုပြီး ရေနံဓာတ်ငွေ့ရည်ကို ထုတ်လုပ်ရာတွင် အများပြည်သူတွေ သက်သက် သာသာနဲ့ ချက်ပြုတ် သုံးစွဲကြချိန်များတွင် အသုံး ပြုနိုင် အောင် ရည်ရွယ်ခြင်းဖြစ်ပြီး အစိုးရသစ်ရဲ့ တတိယ (၁)နှစ်တာအတွင်းမှာ ရေနံဓာတ်ငွေ့ရည် LPG တန်ချိန်ပေါင်း ၈၈၅၈ မက်ထရစ်တန်အထိ ထုတ်လုပ်ထား သည်ကို ဝန်ကြီးဌာန ကိန်းဂဏန်း အချက် အလက်များအရ သိရှိရသည်။
“ဒါကြောင့် ရေနံဓာတ်ငွေ့ရည် လုပ်ကိုင်ခွင့်တွေကို လိုင်စင်တွေ ချထားပေးခဲ့ပါတယ်။ လိုင်စင်တွေကို လုပ်ငန်းဆောင်ရွက်မှု အမျိုးအစားကို လိုက်ပြီး စုစုပေါင်း ခုနစ်မျိုး သတ်မှတ်ထားပါတယ်။ အစိုးရသစ် လက်ထက် တတိယ(၁)နှစ်တာအတွင်း မှာ ပုဂ္ဂလိက ကဏ္ဍကို လိုင်စင်တွေထုတ်ပေးထားခဲ့ ရာမှာ အရေအတွက်အားဖြင့် ၆၂၉ ခုအထိ ရှိလာ ပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ရောင်းချနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင် တာလည်း ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြော ကြားသည်။
အလားတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်း မြေဩဇာအဖြစ် အသုံးပြုနိုင်ရေးအတွက် ယူရီးယား ဓာတ်မြေဩဇာကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ယူ ထုတ်လုပ်ရောင်းချပေး လျက်ရှိ ကြောင်း သိရှိရသည်။ဓာတ်မြေဩဇာ ထုတ်လုပ်မှု အပိုင်းတွင် တတိယ(၁)နှစ်တာ အတွင်း မက်ထရစ် တန်ပေါင်း ၁၂၇၉၄၁ အထိ ထုတ် လုပ်ခဲ့သည်ကို မြင်တွေ့ရသည်။ အဆိုပါ ဓာတ်မြေဩဇာ စက်ရုံ မှထုတ်လုပ်ရောင်းချ လျက်ရှိသည့် ဝင်ငွေသည် ပြီးခဲ့တဲ့နှစ်နှင့်နှိုင်းယှဉ်ပါက ငွေကျပ်ကျပ် ၇၁ ဘီလီ ယံ ကျော် တိုးတက်ရှာဖွေပေး နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်က ဓာတ်မြေဩဇာ စက်ရုံထုတ်လုပ် ရောင်းချရ မှုအခြေအနေသည် နှစ်စဉ်နှစ်တိုင်း ငွေကျပ် ကျပ်ဘီလီယံ ၅၀ နီးပါးခန့်အရှုံးပေါ်ခဲ့ကြောင်းသိရှိရပြီး ယင်းအခြေအနေကို အစိုးရသစ်၏ တတိယ (၁)နှစ်အတွင်း စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ဖြေရှင်းအောင်မြင်ခဲ့ သည့်အတွက် အောင်မြင်မှုရရှိသည့် အခြေအနေဟု ဆိုရပေလိမ့်မည်။
“ကျွန်တော်ပြောတဲ့ တိုးတက်တာတွေ၊ ပြုပြင်ပြောင်းလဲတာတွေက ဌာနရဲ့ အောင်မြင်မှု တွေနဲ့ ကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။ ဒါတွေက အလွယ်တကူ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ အဲဒီလို ရလဒ်ကောင်း တွေဖြစ်လာဖို့ ဝန်ထမ်းတွေ၊ မူဝါဒချမှတ်တဲ့သူတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်မှုလည်း လိုအပ် ပါတယ်။ ယခုအခြေအနေရလဒ်က အကောင်းဖြစ် လာတဲ့အရာတွေရဲ့ နောက်ကွယ်မှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးကို ကျော်လွှားဖြေရှင်းခဲ့ကြရတာ လည်းဖြစ်ပါတယ်”ဟု လျှပ်စစ်နှင့် စွမ်း အင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ် ပြောင်းလဲမှုများအပေါ် ဒုတိယဝန်ကြီးက သုံးသပ် ပြောကြားသည်။
နိုင်ငံ၏ ဂျီဒီပီကို တိုးတက်စေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုမို ရရှိရောင်းချနိုင်ရေး ကိစ္စရပ်ကို အဖြေရှာရန်အတွက် ဝန်ကြီးဌာနမှ ဦးဆောင်ကာ အစမ်းတွင်းနဲ့ ရှာဖွေရေးတွင်း အမြောက်အမြားကို တူးဖော်ခဲ့ကြရပြီး ယင်းသို့တူးဖော်ရာတွင် မထင်မှတ်ထားသည့် အခက်အခဲများ၊ အတားအဆီးများရှိ ကြောင်းသိရှိရသည်။
“ကုန်းတွင်းပိုင်းဆိုရင် လယ်ယာမြေကွက်တွေပေါ်မှာ သွားရောက်ပြီး တူးရတဲ့ ကိစ္စတွေ ရှိတာမို့ လယ်မြေ၊ ယာမြေပိုင်ဆိုင်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်တဲ့ လုပ်ကွက်မှာရှာဖွေရတော့ စေ့စပ်ညှိနှိုင်းဖြေ ရှင်းရတာတွေကို ဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ရဲ့ ဝင်ငွေတိုးအောင် လုပ်ကိုင်ရတာ ဖြစ်ပါတယ်”ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးလာစေရေးအတွက် အခြေခံ အဆောက်အအုံဖြစ်သည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ပြည်သူများ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။
နွေကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် ရေအားကိုအခြေခံသည့် လျှပ်စစ်ဓာတ်အားကို အဓိက သုံးစွဲသော မြန်မာနိုင်ငံအတွက် ယခုကာလသည် ဓာတ်အားထုတ်လုပ်မှု လျော့နည်းကျဆင်းတတ်သည့် ကာလတစ်ခုဖြစ်ပါသည်။ သို့သော် နည်းပညာ တိုးတက် မှုများနောက်ကို အမီလိုက်သည့် ကာလမို့ လေအေးပေး စက်များအပါအဝင် အခြားသော လျှပ်စစ်ဓာတ်အား ဝန်ပိုအသုံးပြုမှု များသည်လည်း ပိုမိုသုံးစွဲလာဖွယ်ရှိနေပါသည်။ ပြည်သူများအနေဖြင့် မိမိတို့ မဖြစ်မနေလိုအပ်သည့် လျှပ်စစ် ဓာတ်အားကိုသာ သုံးစွဲပြီး အလဟဿ ဖြစ်စေမည့် လျှပ်စစ်ဓာတ်အားများကို ခြိုးခြံချွေတာခြင်းဖြင့် လျှပ်စစ် ဓာတ်အား မရရှိသေးသည့် ဒေသများအတွက်ပါ ထည့်သွင်းစဉ်းစားပေးရန် လိုအပ်နေသည် ကိုလည်း မြင်တွေ့ရပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။
သတင်းဆောင်းပါး - ခင်ရတနာ၊ သိမ့်သိမ့်မိုး၊ ဓာတ်ပုံ- မေဦးမိုး