အာဆီယံဒေသတွင်းရှိအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိစေရန် အမျိုးသားစီမံကိန်း အကြံပေးအစည်းအဝေး ကျင်းပ

အာဆီယံဒေသတွင်းရှိအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိစေရန် အမျိုးသားစီမံကိန်း အကြံပေးအစည်းအဝေး ကျင်းပ


Ministry of Immigration & Population/ နေပြည်တော် / March 15, 2019


နေပြည်တော် မတ် ၁၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့-ILO နှင့် UN Women တို့ပူးပေါင်း၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိစေရန် အမျိုးသားစီမံကိန်းအကြံပေး အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊UN Resident and Humanitarian Coordinator မှ Mr.Knut Ostby ၊ EU Head of Cooperation မှ Dr Johann Hesse နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO-Yangon) မှ Mr.Rory Mungoven, UN Women အဖွဲ့မှ ကိုယ်စားလှယ်များ (အပါအဝင် ၄၅ ဦးခန့်) တက်ရောက်ခဲ့သည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုစီမံကိန်းကို မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့်အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုအဆုံးသတ်ရေး စီမံအုပ်ချုပ်မှု မူဘောင်များ ပိုမိုတိုးတက်လာစေရန်၊ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ရရှိစေရန်၊ အမျိုးသမီးများအတွက်ကွန်ယက်ချိတ်ဆက်ရန်နှင့်စုစည်းရန် အခွင့်အရေး ပိုမိုတိုးတက်လာစေရန်၊ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများ၏အတွေ့အကြုံဆိုင်ရာ သတင်းအချက်အလက်များနှင့် အထောက်အထားများကို ဖြန့်ဝေရန်၊အမျိုးသမီးရွှေ့ပြောင်းသွားလာသူများ၏ လူ့အသိုက်အဝန်းအား အထောက်အပံ့ပြုမှုများကို ပိုမိုနားလည်စေရေး စည်းရုံးလှုံ့ဆော်ရန်ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်နေသူများဖြစ်သဖြင့် အမျိုးသမီးများအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် များရရှိစေရန်၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိပြီးလူမှုကာကွယ်စောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိခံစားနိုင်ရေးအပြင် ထိခိုက်လွယ်သူများဖြစ်သည့် အမျိုးသမီးများ ကိုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီမံကိန်းသည် အမျိုးသမီးများအတွက် ကောင်းမွန်သည့် စီမံကိန်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊ အဖွဲ့အစည်း အသီးသီးမှရွှေ့ပြောင်းသွားလာခြင်းနှင့်စပ်လျဉ်းပြီး စီမံချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းကြောင့်လုပ်ငန်းစဉ်များတစ်ခုနှင့်တစ်ခု ထပ်တူမကျစေရန် သတိပြုဆောင်ရွက်စေလိုကြောင်း၊ UN Women အနေဖြင့်အလုပ်သမားရေးရာကိစ္စရပ်များအထူးသဖြင့် ကျား/မ ရေးရာရှုထောင့်မှ အကြံဉာဏ်များဆက်လက်ပံ့ပိုးပေးရေး၊ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာသည့်မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဉ်တွင် မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရေး ဆက်လက် ကူညီပေးစေလိုကြောင်း၊ ခေတ်စနစ်နှင့်လိုက်လျောညီထွေပြီးအပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီ သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး လက်ရှိဥပဒေကို ပြင်ဆင်ရေးဆွဲနေသဖြင့် ILO အနေဖြင့်လိုအပ်သည့် နည်းပညာအကူအညီဆက်လက်ပံ့ပိုးပေးစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများ နှင့်ညီညွတ်ပြီး လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံး အကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့် ရှောက်ရေးနည်းလမ်းများဖြင့်ပြည်သူလူထုများလွတ်လပ်လုံခြုံစွာဖွံဖြိုးတိုးတက်စေရေးဟူသောချမှတ် ထားသည့်မူဝါဒများနှင့်အညီ ထိခိုက်လွယ် အလုပ်စုများအတွက် သင်တန်းကျောင်းနှင့် ရပ်ရွာအခြေပြု လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ပြည်သူလူထု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့်ပွင့်လင်းမြင်သာ ထိရောက်စွာပူးပေါင်းဆောင်ရွက်ဖြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီစေရန်ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာအမျိုးသမီးများ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာတွင် စိတ်ချလုံခြုံရသည့် လုပ်ငန်း ပတ်ဝန်းကျင် တစ်ခုဖြစ်စေရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် အပြည့်အဝကာကွယ်ပေးနိုင်ရန် အတွက် အထူးလိုအပ်ချက်ရှိနေသည့် အနေ အထားဖြစ်တာကြောင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လည်း မြန်မာအမျိုးသမီးများအား အပြည့်အဝအကာအကွယ်ပေးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် “Safe & Fair” စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးနိုင်ရေးကို ရည်ရွယ်ချက်တစ်ခုအနေဖြင့် ထည့်သွင်း ကျင်းပခြင်းဖြစ်တာကြောင့်တက်ရောက်လာသူများအနေဖြင့် ရွှေ့ပြောင်းအမျိုးသမီးများ၏အခွင့်အရေး နှင့်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရေးအတွက်ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ UN Resident and Humanitarian Coordinator မှ Mr.Knut Ostby ၊ EU Head of Cooperation မှ Dr Johann Hesse တို့ကအသီးသီး အမှာစကား ပြောကြားခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးကို လူကုန်ကူးခံရနိုင်သည့်အန္တရာယ်များနှင့် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံပြီးမျှတမှုရှိသည့် ရွှေ့ပြောင်းသွားလာမှုနှင့်စပ်လျဉ်းပြီး ဆွေးနွေးရန်၊ နိုင်ငံတော်၏ ပြောင်းလဲလာမှုနှင့်အညီ ဦးစားပေးကဏ္ဍများအပေါ် မဟာဗျူဟာမြောက်လမ်းညွှန်မှုနှင့်အကြံပြုချက် များပံ့ပိုးပေးရန်၊ တိုးတက်မှုကို စောင့်ကြည့်လေ့လာရန်၊ အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်အပေါ် ဆွေးနွေးပြီးသုံးသပ်အကြံပြုချက်များပံ့ပိုးပေးရန်၊ အကဲဖြတ်စိစစ်နိုင်ရေး သဘောထားများပံ့ပိုး ပေးရန်၊ သုတေသနကို ပြန်လည်သုံးသပ်ရန်နှင့် စာအုပ်ထုတ်ဝေနိုင်ရေး ပြန်လည်သုံးသပ်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။