သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကျင်းပ

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကျင်းပ


Ministry of Information/ ရန်ကုန် / March 15, 2019
image_latest


ရန်ကုန် မတ် ၁၄

သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာ တော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော် အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနန္ဒသာရက ဆောင် ရွက်တော်မူသည်။

ရှေးဦးစွာအခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များက “သာသနဿစ လောကဿ ဝုဍ္ဎ ဘဝတု သဗ္ဗဒ္ဒါ”အစချီသော (၂)ဂါထာကို သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် တော်မူကြသည်။

ထို့နောက် အစည်းအဝေးကျင်းပမည့် ၁၃၈၀ပြည့်နှစ် တပေါင်းလဆန်း (၉၊၁၀၊၁၁) ရက်၊ ၂၀၁၉ ခုနှစ် မတ်လ (၁၄၊၁၅၊၁၆)ရက်များအတွက် အစည်းအဝေးအစီအစဉ်ကို လျှောက်ထား အတည်ပြုချက်ရ ယူပြီး နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒနာယူကြသည်။

ထို့နောက် အစည်းအဝေးသဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒဂါထာကိုမြွက်ကြား တော်မူရာတွင် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ကြီးနှင့်တကွ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်း၍ သာသနာတော်ကိစ္စအဝဝကို ဆောင်ရွက်တော် မူလာခဲ့ကြသည်မှာ နှစ်ပေါင်း ၃၈နှစ်ကျော်ရှိပြီး သက်တမ်းအကြိမ်ရေ အားဖြင့်လည်း အဋ္ဌမအကြိမ် သက်တမ်းသို့ ရောက်လုပြီဖြစ်ပါကြောင်း၊ သံဃာ့ အဖွဲ့အစည်းကြီး အခိုင်အမာဖြစ်ရေး၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း များသည် အဓိကပင် ဖြစ်ပါကြောင်း၊ “ဝိနည်းသည် သာသနာ၏ အသက်ဖြစ်သကဲ့သို့” အခြေခံစည်း မျဉ်းနှင့် လုပ်ထုံးလုပ်နည်းများသည်လည်း သံဃာ့အဖွဲ့အစည်းကြီး ကျစ်လျစ် ခိုင်မာတည်တံ့ရေး အတွက် အသက်သွေးကြောပင်ဖြစ်ပါကြောင်း။

သံဃာ့အဖွဲ့အစည်းလုပ်ထုံး လုပ်နည်းများ အခန်း(၆)အပိုဒ် (၁၀၉) နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အပိုဒ်ခွဲ(က)တွင် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တစ်ခုနှင့် တစ်ခု အကြား သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် သံဃာ စည်းလုံးညီညွတ်မှုကို တာဝန်ယူ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ အပိုဒ်ခွဲ(စ)တွင် ဤလုပ်ထုံးလုပ်နည်း အခန်း(၄) အပိုဒ်(၇၆)တွင် သတ်မှတ် ထားသည့်အတိုင်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပေးရမည် ဟုလည်းကောင်း၊ အပိုဒ်ခွဲ(ည)တွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းမှ တစ်ပါးလိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းများကို ပြုလုပ်နိုင်သည်ဟု လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။ ထိုသို့ပြဋ္ဌာန်းထားရှိ သော ဆရာတော်များ၏ လုပ်ပိုင်ခွင့်လုပ်ငန်းတာဝန်များအရ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များကို ရွေးချယ်ပေးတော်မူကြရမည် ဖြစ်ပါကြောင်း။ထို့အပြင် အပိုဒ်ခွဲ(ဍ)အရ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က တင်ပြသည့်ဆောင်ရွက် ချက်အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေး၍ အကြံဉာဏ်များ ပေးကြရန်ကိုလည်း လျှောက်ထားအပ်ပါကြောင်း။

ထိုသို့ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက် ပိုင်ခွင့်ရှိသည့်အတိုင်း ဆောင် ရွက်ကြရာ၌ ရတ္တညုမဟတ္တစသော အကြောင်းတရား လေးပါးသည် သက်တမ်းရှည် အဖွဲ့အစည်း များအတွက် အနှောင့်အယှက် အတားအဆီးဖြစ်သော အာသဝဋ္ဌာနိယဓမ္မ ပင်တည်းဟု ဆင်ခြင်တော် မူကြ၍ သံဃာ့ အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများ၊ ထုတ်ပြန်ထားသည့် လုပ်ငန်း စီမံချက်များနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း။

တစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပပြုလုပ်သည့် သတ္တမအကြိမ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်
ဆောင် သတ္တမ အစည်းအဝေးကြီးသို့ ယခုကဲ့သို့ စုံစုံညီညီ စည်းစည်းလုံးလုံး ကြွရောက်ချီးမြှင့်ခွင့် ရရှိသည့် အခါ သမယဝယ် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားကြောင်းဖြစ် သော သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်တော်မူကြ၍ လိုအပ် သည့်ဆုံးဖြတ်ချက်များချမှတ် ပေးတော်မူကြရန် တိုက်တွန်းပါကြောင်း မြွက်ကြားသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်သည် သာသနာရေး ကိစ္စများကို ဆောင်ရွက်ရာ၌ ဓမ္မဝိနယ ကို အလေးဂရုပြုခြင်းဖြင့် သံဃာကိုသာ အလေးဂရုပြုရမည်၊ ပုဂ္ဂိုလ်ကို အလေး ဂရုမပြုရ၊ စုပေါင်းဆောင်ရွက်ခြင်း၊ စုပေါင်းဦးဆောင်ခြင်း၊ စုပေါင်းဆုံးဖြတ် ခြင်း၊ အများ၏သဘောထားနှင့်ဆန္ဒကိုအနည်းစုက လိုက်နာခြင်း၊ အနည်းစု၏သဘောထားနှင့် ဆန္ဒကို အများက လေးစားခြင်း၊ အထက်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်တို့ကို အောက်အဖွဲ့ အစည်းက လိုက်နာဆောင် ရွက်ခြင်း၊ အောက်အဖွဲ့အစည်း၏တင်ပြ ချက်ကို အထက်အဖွဲ့အစည်းက အလေးဂရုပြုအရေးယူဆောင်ရွက်ခြင်းတို့ကို ဓမ္မဝိနယနှင့်အညီပြုလုပ်ကြရမည်ဟုလည်း ပြဋ္ဌာန်းထား ပါကြောင်း။

ယခုကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး သည် သတ္တမအကြိမ် သက်တမ်း၏ နောက်ဆုံးအစည်းအဝေးဖြစ်ပြီး သတ္တမအကြိမ် သက်တမ်း ခြောက်နှစ်အတွင်း ၂၅ (ရာခိုင်နှုန်း) အနားယူအစားထိုး အစီအစဉ်အရ အသစ်အသစ်ရွေးချယ် တာဝန်ထမ်းဆောင်ကြမည့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်များက ဆက်လက်တာဝန်ယူ ကြတော့မည်ဟု သိရှိရပါကြောင်း။ သံဃာ့အဖွဲ့အစည်းများ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်လာသည် နှင့်အမျှ ၃၉ နှစ်တာ ကာလအတွင်း တွေ့ ကြုံခဲ့ရသည့် အခက်အခဲများ၊ အားနည်းချက်၊ ချို့ယွင်း ချက် များကိုလည်း သင်ခန်းစာယူလျက် ညှိနှိုင်းပေါင်းစပ် ပြုပြင်ပြင်ဆင်ကြပြီး အမှားနည်းနိုင်သမျှ နည်း အောင်ကြိုးစား ဆောင်ရွက်နိုင်ကြလိမ့်မည် ဟုလည်းယုံကြည် ပါကြောင်း လျှောက်ထားသည်။

ယင်းနောက် တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူသွားကြသည့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာ တော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ အတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ပြီး အစားထိုး ရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက်ရယူကာ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုး တော်ဆောင်ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်းလျှောက် ထားပြီး နံနက်ပိုင်းအစည်းအဝေးကို ခေတ္တရပ်နားသည်။

မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများထံ လှူဒါန်းမည့်ငွေကျပ် သိန်း ၆၄၀ တန်ဖိုးရှိ ပိဋကတ် သုံးပုံပါဠိတော် ကျမ်းစာအုပ် ၄၀၊ အဋ္ဌကထာကျမ်းစာအုပ် လေးအုပ် စုစုပေါင်း ၄၄ အုပ်လျှင် တစ်စုံ၊ အစုံ ၅၀၀ ကျမ်း စာအုပ်များနှင့် ငွေကျပ်ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ခေတ်မီစာပုံနှိပ်စက်တစ်လုံးကို လှူဒါန်းရာ ဆရာ တော်ကြီးများ၏ဥပတ္ထမ ၻအဖြစ် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ အလှူရှင် စည်သူ ဝဏ္ဏကျော် ထင်ဦးရန်ဝင်း+ ဒေါ်လွင်လွင်ဝေ (အေဝမ်းဆောက်လုပ် ရေးကုမ္ပဏီ)၊ ဦးစိုးမြင့်ဆွေ+ သုဓမ္မသိင်္ဂီ ဒေါ်ရည်ဝိုင်းဦးနှင့် သားမောင်ခန့်စည်သူ၊ ဦးအာကာကြိုင်+သုဓမ္မသိင်္ဂီ ဒေါ်သိင်္ဂီလင်း နှင့် သမီး မဂုဏ်ရှိန်မြင့်မိုရ်ကြိုင် သားသမီး မြေးတစ်စုတို့က ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးထံမှ အနုမောဒနာတရားနာကြား ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပးဝေကြသည်။

ထို့နောက် တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာတော်များက ဖတ်ကြားတင်သွင်း တော်မူ ကြပြီး အစီအစဉ်များအတိုင်း ဆက်လက်ဆွေးနွေးတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များကတင်ပြ လာကြသည့် အကြံဉာဏ်များ ကို တွဲဖက် အကျိုးတော်ဆောင် ဆရာတော်များ ဖြစ်ကြသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒ သာရနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒတို့က ရှင်းလင်းပြန်ကြားလျှောက်ထားကြပြီး ပထမနေ့ အစည်း အဝေးကို ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်း အလှူရှင်အဖြစ် ဦးသိန်းမောင်+ဒေါ်ပါးပါး စန္ဒီပရဆေး မိသားစုက (၃၉)ကြိမ်မြောက် ဆက်ကပ် လှူဒါန်းခဲ့သည်။

သတင်းစဉ်