အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် “အဂတိလိုက် စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့် တင်ကြပါစို့” ဖိုရမ် ရန်ကုန်တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် “အဂတိလိုက် စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့် တင်ကြပါစို့” ဖိုရမ် ရန်ကုန်တွင်ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / December 07, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၆

ဒီဇင်ဘာ (၉)ရက်တွင် ကျရောက်မည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် “အဂတိလိုက်စားမှု တားဆီး ကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့” ခေါင်းစဉ်ဖြင့် ဖိုရမ်ကို ယနေ့ နံနက်(၉) နာရီက ရန်ကုန်မြို့၊ Rose Garden Hotel တွင် ကျင်းပသည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှု စနစ် (Systemic Corruption) ကို တိုက်ဖျက်ရာတွင် တာဝန်ယူမှုမြှင့်တင်ခြင်းသည် မဟာဗျူဟာ၏ မရှိမဖြစ် ပင်မကျောရိုး ဖြစ်ပြီး တာဝန်ယူမှုမြှင့်တင်သည့် လုပ်ငန်း အဆင့် လေးဆင့် ရှိကြောင်း အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဦးအောင်ကြည်က “တာဝန်ယူမှု မြှင့်တင်ရေးလုပ်ငန်းမှာ အနည်းဆုံး လုပ်ငန်း အနေနဲ့ အဆင့် လေးဆင့် ရှိပါတယ်။ ပထမအဆင့်ကတော့ ကိုယ့်အလုပ်ဌာနရဲ့ အဂတိ ကင်းသော စွမ်းဆောင်မှုကို အမြဲစောင့်ကြည့်တိုင်းတာနေပြီး တိုးတက်လာအောင် တာဝန်ယူဖို့ပဲ ဖြစ်ပါတယ်။ တိုးတက်လာရင် အသိအမှတ်ပြုဆုချီးမြှင့်ပေးပြီး တိုးတက်မှုမရှိရင် အပြစ်ပေးအရေးယူ ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဂတိမကင်းတဲ့ ဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်ပုံနည်းစနစ်နဲ့ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ် နည်းတွေကို အလေးထားပြုပြင် ပေးခြင်းဖြင့် အရေးယူခံရနိုင်သူ အရေအတွက်ကို လျော့နည်းသွားအောင် စီမံခန့်ခွဲပေးနိုင်ဖို့လည်း လိုပါတယ်။
“ဒုတိယအဆင့်ကတော့ အများပြည်သူလူထု၊ စီးပွားရေးလုပ်ငန်း၊ သတင်းမီဒီ ယာများနှင့် အရပ်ဘက်အဖွဲ့ အစည်းများထံမှ အသံများကို နားထောင်ကြရပါမယ်။ အလုပ်ဌာနများမှာ လူတစ်ဦးချင်းစီက မတရား ပြုခံရမှုအတွက် တိုင်ကြားစာကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးတဲ့ ယန္တရားလည်း ရှိနေသင့်ပြီး မိမိဌာနနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုအခြေအနေကို အမြဲခွဲခြား စိတ်ဖြာ သုံးသပ်ရပါမယ်။ အခြားသူများရဲ့ အဂတိတိုက်ဖျက်ရေး အကြံပေးချက်များကိုလည်း လက်ခံစဉ်းစား ပေးသင့်ပါတယ်။
“တတိယအဆင့်ကတော့ ပြင်ပအေဂျင်စီတွေကို ဖိတ်ခေါ်ပြီး အလုပ်ဌာနများရဲ့ စွမ်းဆောင်မှုအပေါ် စာရင်း စစ်ဆေးပေးရန်၊ စောင့်ကြည့်မှတ်သားပေးရန်၊ အကဲဖြတ် ပေးရန် မေတ္တာရပ်ခံခြင်းပဲ ဖြစ်ပါတယ်။ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေက တတိယအဖွဲ့အစည်းကို လာရောက်စစ်လှည့်ပါ၊ ကြည့်လှည့်ပါ၊ အကဲဖြတ်ကြပါလို့ ပြောတာဟာ ရှက်စရာ၊ ဂုဏ်ငယ်စရာ ကိစ္စမဟုတ်ပါဘူး။ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုရှိကြောင်းကို ခိုင်မာတဲ့ အာမခံချက်ဖြစ်တဲ့အတွက် ဂုဏ်ယူရမဲ့ အလုပ်ဖြစ်ပါတယ်။
“စတုတ္ထအဆင့်ကတော့ အဂတိလိုက်စားမှုသည် ဒေါသအလျောက်ဖြစ်တဲ့ အခြားပြစ်မှုအမျိုးအစားနဲ့ မတူတဲ့ စီးပွားရေးပြစ်မှု ဖြစ်ပါတယ်၊ တွက်ချက်ပြီး ကျူးလွန်တဲ့ ပြစ်မှု (Crime of Calculation) ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံယုံကြည်ပြီးတော့ ဒီအခြေအနေကို လုံး၀ပြောင်းလဲသွားနိုင်အောင် အင်စတီ ကျူရှင်းခေါင်းဆောင်များကိုယ်တိုင်က ဦးစီးကိုယ်တွယ်ခြင်း ဖြစ်ပါတယ်။ ဝင်ငွေပိုများတဲ့ ပုဂ္ဂိုလ်အချို့သည် လုပ်ပိုင်ခွင့်အာဏာပိုရလာတာနဲ့အမျှ ပိုမိုကြီးမားတဲ့ အဂတိလိုက်စား မှုဖြစ်နိုင်ချေများရှိတာကို ကျွန်တော်တို့အားလုံး သိနားလည်ထားကြတဲ့အတွက် လူတစ်ဦး တစ်ယောက် လာဘ်ယူခြင်းမယူခြင်းသည် သူ့ရဲ့ ဝင်ငွေနည်းခြင်း များခြင်း ထက် တံစိုးလက်ဆောင်ရဲ့တန်ဖိုး ၊ အရေးယူခံရနိုင်ခြင်းမှလွတ်ကင်းနိုင်ခြေ ရှိ/မရှိ၊ မလွတ်ကင်းရင် ကျခံရမယ့် အပြစ်ဒဏ်တို့ အပေါ်မှာသာ တွက်ချက်ပြီး စွန့်စားနေကြ တာဖြစ်ပါတယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်လိုသော ပြုပြင်ပြောင်းလဲလိုသူ ခေါင်းဆောင်များအနေနဲ့ အဂတိလိုက်စားကြသူများကို အရေးယူခြင်းမခံရဘဲ လွတ်ကင်းနေနိုင်သူ မရှိရအောင် စီမံခန့်ခွဲမှသာ အဂတိလိုက်စားမှုကို နောက်ထပ် မဖြစ်အောင် အမှန်တကယ် တားဆီးကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် စောစီးစွာရရေးအတွက် စောင့်ကြည့်ရန်၊ သတင်းရသည်နှင့် ထိရောက်လျင်မြန်စွာ တားဆီးကာကွယ်ရန်နှင့် လူတစ်ဦးချင်း၏ စွမ်းဆောင်မှုအပေါ် မူတည်ပြီးတော့ မက်လုံးပေးရန် သို့မဟုတ် အပြစ်ပေးရန်တို့ကို ထိရောက်စွာ ပြုလုပ်သွားကြရမှာ ဖြစ်ပါတယ်” ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် "အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့" ဖိုရမ်သည် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှု ဆိုင်ရာရုံး (UNODC)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့နှင့် ပူးပေါင်း၍ကျင်းပခြင်းဖြစ်ပြီး နှစ် ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက “ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ မှာမှ လာဘ်ပေးလာဘ်ယူခြင်းနှင့် ခြောက်လှန့်တောင်းခံခြင်းတို့ကို ဥပဒေအရခွင့်ပြု ထားတာ မရှိပါဘူး။ သို့သော် ဒီလိုအလုပ်လုပ်နေသူတွေကို တစ်ယောက်မကျန် အရေးယူ တရားစွဲဖို့ကလည်း မဖြစ်နိုင်သလို သူတို့ဘာသာသူတို့ အသိတရားရပြီး နောက်ဆုတ်သွားကြရန်လည်း ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ ဒါကြောင့် အုပ်စုဖွဲ့ အဂတိလိုက်စားသူတွေကို ဟန်ချက်ပျက်သွားအောင် လုပ်နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ ကော်မရှင်ချည်းသက်သက်နဲ့ လုပ်လို့မရပါဘူး။ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ သံန္နိဋ္ဌာန်ချထားတဲ့ အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ပညာရှင်များ၊ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့အစည်းများ အားလုံးဟာ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သဘောတူညီမှု အစုအဖွဲ့ (Integrity Pact) အဖြစ်စုဖွဲ့ပြီးတော့ စုပေါင်းအရှိန်အဟုန်နဲ့ တပြိုင်နက် တိုက်ဖျက်ဖို့ လိုအပ်တယ်” ဟုပြောသည်။
ဖိုရမ်ပထမပိုင်းတွင်စီးပွားရေးပညာရှင်ဦးမြင့်က အဂတိလိုက်စားမှု အကြောင်းအကျိုးဆက် များနှင့်ကုထုံး ၊ ဒေါက်တာအောင်ထွန်းသက် က Stop Corruption ၊ ဦးခင်မောင်ညို(ဘောဂဗေဒ)က The Role of Political Institution to Promote Accountability၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က “တာဝန်ယူ မှု၊ တာဝန်ခံမှု အစီအစဉ်တစ်ရပ် ဆီသို့-Towards Accountability Program ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဒေါက်တာအောင်ထွန်းသက်က “အဂတိလိုက်စားမှုတိုက်ဖျက်တဲ့အခါမှာ ပွင့်လင်းမြင် သာမှုရှိတယ်၊ သိက္ခာသမာဓိ ရှိတယ်ဆိုရင် အလိုလို ပျောက်သွားမယ်၊ လူတွေ တစ်ဦးချင်း တစ်ယောက်ချင်း ဆီမှာ တာဝန်ရှိတယ်ဆိုတာ အသိပေးချင်တဲ့ သဘောပါ။ ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒက Corruption Free Yangon လို့ ကြေညာပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှု မရှိအောင်ဘယ်လို လုပ်ကြမလဲ၊ Corruption လို့ပြောရင် အရွယ်အစားက အရေးမကြီးဘူး။ သေးသေးကြီးကြီး အကုန်လုပ်ရမယ်။ အခြားနိုင်ငံတွေမှာလုပ်တယ်။ Corruption Free City ဆိုပြီးတော့ပေါ့။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဆိုတာထက် လူတွေ နိုးကြားလာမယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ အဂတိလိုက်စားမှုလို့ ပြောရင် နှစ်ဦး နှစ်ဘက် ရှိနေတာ မမေ့သင်ဘူး။ ပေးတဲ့ လူရော ယူတဲ့ လူရော ရှိနေတာ သတိပြုသင့်တယ်။ မပေးနဲ့ မယူနဲ့လို့ ပြောရတာ လွယ်ပေမဲ့ လုပ်ရတာ တော်တော်ခက်လိမ့်မယ်” ဟုပြောသည်။
မွန်းလွဲပိုင်းတွင် “အဂတိလိုက် စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့် တင်ကြပါစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲဆက်လက်ကျင်းပရာ ဦးဆောင် ဆွေးနွေး သူ (Moderator)အဖြစ်ဒေါက်တာအောင်ထွန်းသက်က ဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်မှ ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာခိုင်မြဲ၊ The Voice ဂျာနယ်မှ အယ်ဒီတာ ဦးဇေယျသူ ၊ ကုန်သည် စက်မှုအသင်းချုပ် UMFCCI မှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မက်စ်မြန်မာမှ အမှုဆောင် အရာရှိချုပ် ဦးခရစ်ထွန်း၊ တရားမျှတမှုလက်လှမ်းမီရေးအဖွဲ့(A2JI)မှ ဒုတိယဥက္ကဋ္ဌ ဦးသွင်လင်းအောင်၊ မြန်မာနိုင်ငံပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့်တို့ က Panelist များအဖြစ် ပါဝင်ဆွေးနွေး ကြသည်။
ယနေ့ကျင်းပသည့် “အဂတိလိုက် စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့” ဖိုရမ်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ UNODC နှင့် UNDP တို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အသင်းအဖွဲ့များ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ ဘွဲ့လွန်သင်တန်းသားများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ“United Against Corruption” အကျင့်ပျက်ချစားမှုကိုပေါင်းစည်း၍ ဆန့်ကျင်ကြစို့ ဖြစ်သည်။
သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..လှမိုး
 

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •