မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်မှု အခြေအနေများ ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်မှု အခြေအနေများ ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / March 12, 2019
image_latest


နေပြည်တော် မတ် ၁၁

ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ၎င်း၏နေအိမ် ဧည့်ခန်းမတွင် ဂါရ၀ပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်မှု အခြေအနေများ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Wing - 6)မှ ပြန်လည်ထွက်ခွာကြပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး