ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်းနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက် တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၆ ဖြင့် ဒုတိယသမ္မတ ဦးဆောင်၍ (၂၀)ဦးဖြင့် လုပ်ငန်း တာဝန် (၅)ရပ်ချမှတ်ဖွဲ့စည်းခဲ့ပြီး ယခုအခါသက်တမ်း (၂)နှစ်ကျော်ရှိပြီဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန် (၅)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။
ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုအစည်းအဝေးသည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပထမအကြိမ်မှ သတ္တမအကြိမ်အထိ အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၅၅)ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အချက် (၅၀)နှင့် ဆောင်ရွက်ဆဲ (၅)ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ (၅)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်း ရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ အထိ (၂၁)ကြိမ် တွေ့ဆုံခဲ့ပြီး အကြိမ်(၂၀)အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း (၂၉၇)ချက် ရှိခဲ့ရာ အဆိုပါတင်ပြချက်များအားလုံးကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ ထံသို့ အကြောင်းပြန်ကြားပေးပြီးဖြစ်ပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်နိုင်ရေးအထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူလျက်ရှိရာ အထိုက်အလျောက် ထိရောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါအထူးအဖွဲ့များ အနေဖြင့် ယခုနှစ် အောက်တိုဘာလအတွင်း ဖမ်းဆီး အရေးယူမှုပေါင်း (၅၉)ကြိမ် ရှိခဲ့ပြီး တန်ဖိုးငွေကျပ် (၁ဒသမ၃)ဘီလီယံခန့် ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် Doing Business 2019 Report တွင် မြန်မာန်ိုင်ငံ၏ အဆင့်သည် (၁၇၁) ဖြစ်သည့်အတွက် ယခင်နှစ် အဆင့်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အမှတ်တိုးမြင့်ရရှိခဲ့ပါကြောင်း၊ Ease of Doing Business Ranking တိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ (၁၄)ဦးဖြင့် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညွှန်းကိန်းတစ်ခုချင်းအလိုက် အထောက်အကူပြုအဖွဲ့ (၁၀)ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။
စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း (Starting a Business) အပိုင်းတွင် ရမှတ် တိုးလာပြီး အဆင့် (၃)ဆင့် တက်လာပါကြောင်း၊ လျှပ်စစ်ဓါတ်အားရရှိနိုင်မှု (Getting Electricity) အပိုင်းတွင် ရမှတ်တိုးလာပြီး အဆင့် (၇)ဆင့် တက်လာပါကြောင်း၊ ဆောက်လုပ်ခွင့်ရယူခြင်း (Dealing with Construction Permits) အပိုင်းတွင် ရမှတ်တိုးလာသော်လည်း အဆင့် (၈)ဆင့် ကျသွားပါကြောင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း (Registering Property) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှု မရှိ သော်လည်း အဆင့် (၂)ဆင့် ကျသွားပါကြောင်း၊ ချေးငွေ ရရှိနိုင်မှု (Getting Credit) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အဆင့် (၁)ဆင့် ကျသွားပါကြောင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (Protecting Minority Investors) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှု မရှိသော်လည်း အဆင့် (၂)ဆင့် ကျသွားပါကြောင်း၊ အခွန်ပေးဆောင်မှု (Paying Tax) အပိုင်း တွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အဆင့် (၁)ဆင့် ကျသွားပါကြောင်း၊ ပြည်ပကုန်သွယ်မှု (Trading Across Borders) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အဆင့် (၅)ဆင့် ကျသွားပါကြောင်း၊ ပဋိဉာဉ်များ အတည်ပြု ဆောင်ရွက်ခြင်း (Enforcing Contracts) နှင့် အကြွေးမဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု (Resolving Insolvency) တို့သည် ယခင်နှစ်အတိုင်း ရမှတ်နှင့် အဆင့် ပြောင်းလဲမှုမရှိသည်ကို တွေ့ရပါကြောင်း၊ စုစုပေါင်းရမှတ် (Distance to Frontier- DTF) မှာ (၄၄ ဒသမ ၇၂) ဖြစ်ပြီး ယမန်နှစ် ကထက် (၀ ဒသမ ၅၁)ရမှတ် တိုးတက်ရရှိခဲ့သော်လည်း အဆင့်မှာ ယခင်နှစ်က အတိုင်း (၁၇၁)အဆင့်သာဖြစ်ကြောင်း ပြောကြား သည်။
ထို့အပြင် Doing Business 2019 Report တွင် တိုးတက်မှုအကောင်းဆုံး (၁၀)နိုင်ငံကို လေ့လာကြည့်လျှင် ညွှန်းကိန်း (၁၀)ခုတွင် အနည်းဆုံးညွှန်းကိန်း(၅)ခုမှ (၇)ခုအထိ ပြုပြင် ပြောင်းလဲမှု(Reform)များ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်း (၁၀)နိုင်ငံ၏ ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့မှုများကို လေ့လာပြီး မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ပြုပြင် ပြောင်းလဲမှုများကို စီမံချက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ထိုသို့ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် Ease of Doing Business အဆင့် ပိုမို တိုးတက်ရရှိရေးအတွက် သက်ဆိုင်ရာ Indicator တစ်ခုချင်းအလိုက် အနည်းဆုံး ပြုပြင် ပြောင်းလဲမှု (၃)ခု ပြုလုပ်သွားရန်နှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် Action Plan များ စနစ်တကျရေးဆွဲကာ ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားကြရန် ပြောကြားလို ပါကြောင်း၊ မိမိတို့အနေဖြင့် Doing Business 2020 Report တွင် ထည့်သွင်းတွက်ချက်ရာ၌် ပါဝင်နိုင်ရန် အတွက် ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရန် အချိန် (၅)လသာ ကျန်ရှိပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများအနေဖြင့် ကျန်ရှိသည့် အချိန် (၅)လအတွင်း ဆောင်ရွက်နိုင်မည့် ပြုပြင် ပြောင်းလဲမှုများကို ဦးစားပေးကာ တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် နှစ်စဉ်အလေးအနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ထို့အပြင် အဆိုပါပြုပြင်ပြောင်းလဲမှုများကို ပုဂ္ဂလိကကဏ္ဍက သိရှိပြီး World Bank က ပေးပို့သည့် စစ်တမ်းမေးခွန်းလွှာများကို မှန်မှန် ကန်ကန်ဖြေဆိုနိုင်ရန်အတွက် Public Awareness ကို ကြိုတင်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးမှသာ အဆင့်နှင့် ရမှတ်များ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့်လည်း Public Awareness ပြုလုပ်မည့် အစီအစဉ်များအတွက် ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက် စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက် စေရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး သည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက ယခင်သတ္တမ အကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ငွေကြေး ရရှိစေနိုင်မှုဆ်ိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီနှင့် စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် န်ိုင်ငံ၏အခန်း ကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် သင်တန်းများ ပေးနေမှုအခြေအနေ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက Banking Sector ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က Construction Development Law ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေဆိုင်ရာကိစ္စရပ် များအပေါ် သဘောထား ပြန်ကြား ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက Secured Transaction Law ရေးဆွဲ ဆောင်ရွက်ရမည့်အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာန်ိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းတို့က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြုဆွေးနွေးကြသည်။
ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Doing Business Ranking တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းနှင့် ပြည်ထောင်စု တရားလွှတ်တော် တရား သူကြီးချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က Doing Bussiness အစီရင်ခံစာနှင့် ပတ်သက်၍ ညွှန်းကိန်းနယ်ပယ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
 

အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •