(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနား မော်လမြိုင်၌ စည်းကားသိုက်မြိုက်စွာကျင်းပ

(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနား မော်လမြိုင်၌ စည်းကားသိုက်မြိုက်စွာကျင်းပ


Ministry of Information/ မွန် / February 09, 2020
image_latest


မော်လမြိုင်        ဖေဖော်ဝါရီ        ၉

(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ သံလွင်ဥယျာဉ် မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာထေရ်၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ မွန်တိုင်းရင်းသားအလံနှင့် မွန်အာဇာနည်ခေါင်းဆောင် ကြီးများကို တက်ရောက်လာ သူများက အလေးပြုကြသည်။

ထို့နောက် သဘာပတိဆရာတော် ဘဒ္ဒန္တကေတုမာလာက အဖွင့်ဩဝါဒစကားမြွက်ကြားပြီး (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်အမျိုးသားနေ့အခမ်းအနားကို အလှည့်ကျစနစ်နဲ့ ကျင်းပတာဖြစ်တဲ့အတွက် ယနေ့ဆိုလျှင်(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို မော်လမြိုင်မြို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခွင့် ရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  မွန်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ မွန်တိုင်းရင်းသားများနှင့် ဧည့်သည်တော်များက မွန်ရိုးရာ ဝတ်စုံတွေဝတ်ဆင်ပြီး တက်ရောက်လာတာကြောင့် မြင်ရသူအနေနဲ့ အလွန်စိတ်အား တက်ကြွ ဖွယ် ကောင်းလှတာကိုတွေ့ရပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုကို အမြတ်တနိုးထိန်းသိမ်းကာ ဂုဏ်ယူမှုတစ်ရပ်အဖြစ် ပီတိဖြစ်ရပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဗညားစန်းက အမှာစကားပြောကြားပြီး မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို တာဝန်ရှိသူတစ်ဦးကဖတ်ကြားကာ မွန်အမျိုးသားနေ့ရေးရာကိစ္စများ နှစ်ရှည်ကြာ ဆောင်ရွက်ခဲ့သည့် ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာထေရ်နှင့် နိုင်ပန်းအောင်တို့အား ဦးမင်းဗညားစန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားသို့ ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မွန်အမျိုးသားနေ့ (ဗဟို)ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား/သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

ဝေလင်း(ပြန်/ဆက်)